၂၀၂၀ခုနစ် မတ်လ(၆)ရက်နေ့ ည၉:၃၀ခန့်တွင် ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်း ငါးခူးရကျေးရွာအုပ်စု၌ နယ်ခြားစောင့်ရဲတပ်ဖွဲ့(BGP)က တိုင်းရင်းသားရိုဟင်ဂျာ လူငယ်တစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့တယ်လို့ ရိုဟင်ဂျာတူဒေးမှ သတင်းထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
တိုင်းရင်းသားရိုဟင်ဂျာတစ်ဦးဖြစ်သူ စယက်ဒ်အာလမ်(၂၄)နှစ်သည် သူ၏ငါးမွေးကန်ကို စောင့်ကြည့်နေစဉ် ကင်းလှည့်နေသော BGPအဖွဲ့တစ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး အဆိုပါလူငယ်သည် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ နောက်နေ့ နေ့လည်၃:၃၀ခန့်တွင် ၎င်း၏အလောင်းကို မောင်တောအထွေထွေဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်တယ်လို့ သိရပါတယ်။
စစ်ဆေးပြီးနောက် အလောင်းကို ၎င်း၏မိသားစုဝင်များ လက်ထဲသို့ထည့်ခဲ့ပြီး ဘာသာရေးဆိုင်ရာ အသုဘအခမ်းအနားကို မြို့တော်တောင်ပိုင်းရပ်ကွက်မှာ ပြုလုပ်စေခဲ့ပါတယ်။ ဒါ့အပြင် BGPတပ်ဖွဲ့မှ အဆိုပါသေသူ၏ မိသားစုထံမှ သယ်ယူပို့ဆောင်ခနဲ့ အခြားအစီစဉ်များအတွက်ဆိုကာ ငွေကျပ်၃၀၀,၀၀၀ကို အတင်းအဓမ္မတောင်းခံခဲ့ပြီး သေသူအလောင်းကို ၎င်း၏မွေးရပ်မြေကို သယ်ယူခြင်းနဲ့ ဓာတ်ပုံရိုက်ခြင်းများကိုပါ တားမြစ်ခဲ့တယ်လို့ သိရပါတယ်။
သတင်းများအရ ပြီးခဲ့တဲ့အပတ်ကလည်း မောင်တောမြောက်ပိုင်းမှ နယ်ခြားစောင့်တပ်သည် အခြားတိုင်းရင်းသားရိုဟင်ဂျာ၃ယောက်၏ အလောင်းအား မောင်တောအထွေထွေဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၎င်းအလောင်းများကို မောင်တောမြို့နယ်တောင်ဘက်ရပ်ကွက်ရှိသင်္ချိုင်းတွင် မြှုပ်နှံခဲ့တယ်လို့ သိရပါတယ်။