Press "Enter" to skip to content

မောင်တောမြို့နယ် မင်္ဂလာကြီးကျေးရွာ ကင်းစခန်းမှ ဖြတ်သန်းသွားလာသူ ရိုဟင်ဂျာများကို ငွေညှစ်နေ

မောင်တောမြို့။ ။ရခိုင်ပြည်နယ် မောင်တောမြို့မြောက်ပိုင်း မင်္ဂလာကြီးကျေးရွာကနေ သရက်အုပ်ကျေးရွာကို ကူးတို့နဲ့ဖြတ်ကူးရတဲ့ ချောင်းတစ်ခုရှိပြီး အဲ့ဒီချောင်းတောင်ဘက်မှာရှိတဲ့ နယ်ခြားစောင့်ရဲကင်းစခန်းရဲ့ တာဝန်ရှိသူတွေက နေ့စဉ်ဖြတ်သန်းသွားလာသူ ရိုဟင်ဂျာတွေဆီကနေ ငွေညှစ်ယူနေကြောင်း မျိုးသူရက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။

ဖြစ်စဉ်မှာ သရက်အုပ်ကျေးရွာကိုကူးရတဲ့ ချောင်းရဲ့တောင်ဘက် မင်္ဂလာကြီးဘက်ခြမ်းမှာ နယ်ခြားစောင့်ရဲကင်းစခန်းတခုထားရှိခဲ့ပြီး အဲ့ဒီကင်းစခန်းမှာ ဒုရဲအုပ်တစ်ယောက် ဦးဆောင်ပြီး တပ်ဖွဲ့ဝင် ၅ယောက် ရှိကြောင်းသိရပါတယ်။ အဆိုပါတပ်ဖွဲ့ဝင်တွေက နည်းမျိုးစုံနဲ့ ချောင်းကိုနေစဉ်ဖြတ်ကူးနေသူရိုဟင်ဂျာတွေဆီက ငွေညှစ်ယူနေကြောင်း သိရပါတယ်။

ဒီဇင်ဘာလ(၁)ရက်နေ့မှာတော့ သရက်အုပ်ကျေးရွာမှာ လက်သမားအလုပ်လုပ်ပြီး ပြန်နေသူ ရိုဟင်ဂျာ နှစ်ဦးကို အဲ့ဒီကင်းစခန်းမှာပဲ လက်ထိပ်ခတ် ဖမ်းဆီးခဲ့ပါတယ်။ အဲဒီရိုဟင်ဂျာနှစ်ဦး ကိုင်ဆောင်ထားတဲ့ ရွာထွက်လက်မှတ် သက်တမ်းကုန်ဆုံးနေတယ်လို့ အကြောင်းပြဖမ်းဆီးခဲ့တာဖြစ်ပြီး ငွေကျပ်သုံးသောင်းညှစ်ယူကာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ငွေညှစ်ခံရသူ ရိုဟင်ဂျာနှစ်ဦးမှာ မောင်နီရွာတွင် နေထိုင်သူ အုစ်မာန်ဂေါ်နီ(၁၆)နှစ်နဲ့ တစ်ခြားတစ်ဦးတို့ပဲ ဖြစ်ပါတယ်။

မင်္ဂလာကြီးကျေးရွာမှာနေထိုင်သူ မော်လဝီဖေရုစ်(၂၁နှစ်)ကလည်း အသက်မွေးဝမ်းကျောင်းအတွက် သရက်အုပ်ကျေးရွာကို သွားရောက်ပြီး ကြက်တွေဝယ်ယူလာနေစဉ်အတွင်းမှာပဲ အဲ့ဒီကင်းစခန်းမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေက ငွေကျပ်နှစ်ထောင်ညှစ်ယူခဲ့ပါတယ်။

ဖမ်းဆီးငွေညှစ်ခံရမှုနဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးက”ခုလိုကင်းစခန်းကနေ ဖြတ်သန်းသွားလာသူ ရိုဟင်ဂျာတွေ ရွာထွက်လက်မှတ်ပြရင်လည်း သက်တမ်းကုန်နေတယ်ပြောတယ်၊ သက်သေခံကဒ်ပြားအပ်နှံတဲ့လက်မှတ်ပြရင်လည်း သက်တမ်းကုန်နေတယ်ဆိုပြီးငွေညှစ်နေပြန်တယ်၊ ဒီလိုနည်းအမျိုးမျိုးနဲ့ ငွေညှစ်နေခြင်းက လိုင်စင်ရဓါးပြလို ဖြစ်နေတာကြောင့် ခုလိုလုပ်ရပ်တွေကို ထိထိရောက်ရောက်အရေးယူပေးဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.