Press "Enter" to skip to content

ဘူးသီးတောင်မြို့နယ်တွင် ဆယ်ကျော်သက် ရိုဟင်ဂျာတစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာရ

၂၀၁၉ခုနှစ် နိုဝင်ဘာလ (၈)ရက် မနက်ပိုင်းမှာ ရခိုင်ပြည်နယ် ဘူးသီးတောင် အရှေ့တောင်ပိုင်း သရက်ပြင်ကျေးရွာအုပ်စု အနီးတစ်ဝိုက်မှာ ဗမာစစ်တပ်နဲ့ ရခိုင့်တပ်မတော်(AA)တို့ အပြန်အလှန် တိုက်ပွဲဖြစ်ပွါးခဲ့ချိန် ဆယ်ကျော်သက် ရိုဟင်ဂျာ မွတ်စလင်တစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

နိုဝင်ဘလ (၈)ရက် သောကြာနေ့ မနက် ၉နာရီကျော်မှာ တိုက်ပွဲစတင်ခဲ့ပြီး ၁၀နာရီကျော်ချိန့်ခန့်မှာ ပစ်ခတ်မှုနည်းသွားခဲ့ပေမယ့်လည်း ညနေပိုင်းထိ အပြန်လှန်ပစ်ခတ်မှုတွေ ဖြစ်ပွါးခဲ့ပါတယ်။ မနက် ၁၀နာရီအချိန်ခန့်မှာတော့ သရက်ပြင်ကျေးရွာအုပ်စုမှာနေထိုင်တဲ့ ဆယ်ကျော်သက်အရွယ် ရိုဟင်ဂျာ လူငယ်တစ်ဦးဖြစ်တဲ့ မမတ်ဟူစိန် (ဘ) ဦးကာလူရဲ့ ဝဲဘက် လက်မောင်းကို ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

ကျည်ဆံထိမှန် ဒဏ်ရာရရှိသူကိုတော့ အချိန်မှီ ဆေးဝါးကုသမှုခံယူနိုင်ဖို့အတွက် ဘူးသီးတောင် ပြည်သူ့ဆေးရုံကြီးဆီကို ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ ၄င်းကျည်ဆံဟာ စိုင်းဒင်တံတားပေါ်မှာ နေရာယူ ပစ်ခတ်နေတဲ့ ဗမာစစ်တပ်ရဲ့ ပစ်ခတ်မှုကနေ ထိမှန်ခဲ့တာပဲ ဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ခဲ့ကြပါတယ်။

နိုဝင်ဘာလ (၅)ရက်နေ့ကစပြီး ဗမာစစ်တပ်နဲ့ ရခိုင့်တပ်မတော်တို့ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွါးခြင်းကြောင့် တိုက်ပွဲနဲ့ သက်ဆိုင်မှု လုံးဝမရှိတဲ့ ရိုဟင်ဂျာလေးဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံးသွားခဲ့ပါတယ်။ ရိုဟင်ဂျာနေအိမ်တွေ အများအပြားမီးလောင်ပြာကျသွားခဲ့သလို ရွာလုံးကျွတ် စစ်ဘေးရှောင် ထွက်ပြေးခဲ့ကြရပါတယ်။

ပြည်တွင်းစစ်ပွဲတွေကြောင့် အပြစ်မဲ့ပြည်သူတွေ အိုးအိမ်စွန့်ခွါပြီး စစ်ဘေးရှောင်နေကြရပါတယ်။ ရခိုင်ရွာသားတွေအများစုကတော့ စစ်ဘေးရှောင်စခန်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ သွားရောက်ခိုလှုံနေကြပြီး ရိုဟင်ဂျာအများစုကတော့ နီးစပ်ရာ ရိုဟင်ဂျာရွာတွေဆီကို သွားရောက်ခိုလှုံနေကြရပါတယ်။

စစ်ဘေးရှောင်နေရတဲ့ ဘဝအခြေနေချင်းတူပေမယ့် ရခိုင်လူမျိုးစစ်ဘေးရှောင်တွေကိုတော့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံတော်အစိုးရနဲ့ အစိုးရမဟုတ်တဲ့ ပြည်တွင်းအဖွဲ့အစည်းတွေက လိုအပ်တာတွေ သွားရောက်ထောက်ပံ့ပေးနေပေမယ့် ရိုဟင်ဂျာတွေအတွက်တော့ စစ်ဘေးရှောင်စခန်းလည်းမရှိသလို နိုင်ငံတော်အစိုးရနဲ့ ပြည်တွင်းအဖွဲ့စည်းတွေက ထောက်ပံ့ပေးနေခြင်းလည်းမရှိကြောင်း သိရပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.