Press "Enter" to skip to content

ရိုဟင်ဂျာကျွဲကျောင်းသား(၃)ဦးကို ရိုက်နှက်ကာ ကျွဲ (၁၂)ကောင်ကို ရခိုင်အစွန်းရောက် လေးဦးက လုယက်ယူဆောင်

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီး​တောင်​​တောင်​ပိုင်း ဒုအိုးသည်​မ​ကျေးရွာအုပ်​စုမှ ရိုဟင်​ဂျာပိုင်​ကျွဲ ၁၂ ​ကောင်​ကို ရခိုင်​အစွန်း​ရောက်​ ၄ ဦးက လုယက်​ ယူ​ဆောင်​သွား​ကြောင်း ဒေသခံ တစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။

ဘူးသီး​တောင်​​တောင်​ပိုင်းမှာ တည်ရှိတဲ့ ဒုအိုးသည်​မ​ကျေးရွာဟာ​ ​နောက်​ဆုံးရိုဟင်​ဂျာရွာဖြစ်​ပြီး ရခိုင်​ရွာနဲ့ အနီးစပ်​​ဆုံးမှာ တည်ရှိတဲ့ရွာတစ်​ရွာဖြစ်​ကြောင်း သိရပါတယ်။ ထိုကျေးရွာမှာနေထိုင်တဲ့ ဦးဂျော်မိလ်အာမတ် (ဘ) ဦးမော်တီရာမာန်၊ အသက်(၅၃)နှစ်ပိုင်ဆိုင်တဲ့ ကျွဲ ၁၂ကောင်ကို ၂၀၁၉ခုနှစ် စက်တင်ဘာလ ၂၇ ရက် သောကြာနေ့က လုယက် ယူဆောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့မှာ ဦးဂျော်မိလ်အာမတ် ပိုင်ဆိုင်တဲ့ စားကျက်မြေပေါ်မှာ ၄င်းရဲ့သားတစ်ဦးနဲ့ တစ်ခြားကလေး ၃ဦးတို့က ထိုကျွဲ ၁၂ကောင်ကို ကျောင်းနေခဲ့တာပဲ ဖြစ်ပါတယ်။ ထိုစဉ်မှာပဲ အောင်ဇေယျာ နထလရွာသားလို့ ယူဆရတဲ့ ရခိုင်အစွန်းရောက် လေးဦးက သေနတ် ၂လက်၊ ဓား၂လက် ကိုင်ဆောင်ပြီး ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

လက်နက်ကိုင် ရခိုင်အစွန်းရောက် လေးဦးထဲမှ နှစ်ဦးက ကျွဲကျောင်းနေတဲ့ ရိုဟင်ဂျာ ၃ဦးကို ကြိုးတုတ်ကာ ညှင်းပမ်းနှိပ်စက် ရိုက်နှက်ပြီး တောထဲကို ခေါ်ဆောင်သွားပြီး ကျန်၂ဦးက ကျွဲတွေကို ယူဆောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ရိုက်နှက်ခံရတဲ့ ရိုဟင်ဂျာ ၃ဦးရဲ့ အမည်မှာ ရှောမ်ရှူရော်မာန် (ဘ) ဂျော်မိလ်အာမတ် အသက်(၁၆)နှစ်၊ ဂူရာမျှာ (ဘ) ဟာဆောင်းဘော်ရှော်ရ် အသက်(၁၇)နှစ်၊ ရော်ဟီမူလ္လာ (ဘ) ဖွေယာဇုလ်အစ္စလာမ် အသက်(၁၅)နှစ်တို့ ဖြစ်ကြပါတယ်။

ဖြစ်စဉ်အစအဆုံးကို သိရှိရပြီးနောက် ရွာသူ/သား တစ်ချို့ လိုက်သွားခဲ့ပေမယ့် ရခိုင်ဗုဒ္ဓဘာသာဝင်တွေ နေထိုင်တဲ့ရွာကို ဝင်သွားတာတွေ့ရှိခဲ့တာကြောင့် အသတ်ခံရမှာကို စိုးရိမ်ပြီး လှည့်ပြန်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။ ၂၀၁၇ခုနှစ် လူမျိုးတုန်းသတ်ဖြတ်ခံရချိန် သန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြပေမယ့်လည်း ရိုဟင်ဂျာ တစ်ချို့က မူလနေရပ်မစွန့်ခွာပဲ ရခိုင်ပြည်နယ်တွင်းမှာပဲ ဆက်လက်ကျန်ရှိနေခဲ့တာဖြစ်ပါတယ်။

ယခုအချိန်မှာတော့ ပြည်တွင်းမှာ ကျန်ရှိနေခဲ့တဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာစစ်တပ်ကလည်း နည်းမျိုးစုံနဲ့ သတ်ဖြတ်မှုတွေလုပ်နေသလို အာဏာပိုင်တွေကလည်း အဘက်ဘက်က ဖိနှိပ်ချုပ်ချယ်မှုတွေ ပြုလုပ်ထားပြီး တစ်ချိန်ထဲမှာပဲ အစွန်းရောက် ဗုဒ္ဓဘာသာဝင်တစ်ချို့က ညှင်းပမ်းနှိပ်စက် ရိုက်နှက်ပြီး လုယက်မှုတွေ ကျူးလွန်နေတာပဲ ဖြစ်ပါတယ်။

Photo: dhakatribune

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.