Press "Enter" to skip to content

ဘူးသီးတောင်မြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဈေးဝယ်သွားသည့် ရိုဟင်ဂျာတစ်ဦးထံမှ ခြိမ်းခြောက်ငွေညှစ်

ဘူးသီးတောင်မြို့နယ်။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ ရွက်ညိုတောင်ကျေးရွာမှ ရိုဟင်ဂျာတစ်ဦးကို စက်တင်ဘာလ ၁၉ရက်နေ့ မနက် ၉နာရီအချိန်ခန့်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ခြိမ်းခြောက်ပြီး ငွေကျပ်၂သိန်းတိတိ ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။

ဖြစ်စဉ်မှာ ရွက်ညိုတောင်ကျေးရွာမှာနေထိုင်သူ ရိုဟင်ဂျာတစ်ဦးက သူ့ရဲ့ကုန်စုံဆိုင်ငယ်လေးအတွက် ပစ္စည်းတွေဝယ်ဖို့ ဘူးသီးတောင်မြို့ထဲကို ဈေးဝယ်သွားနေချိန်မှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိပ်ကမ်းကိုရောက်ချိန် အတင်းအဓမ္မရပ်တန့်စေခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါ ရဲတပ်ဖွဲ့ဝင်ဆိုသူက ထိုရိုဟင်ဂျာရွာသားကို ဖမ်းဆီးအရေးယူမယ်လို့ နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ပြီး ငွေကျပ် ၂သိန်းကို ညှစ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ ငွေညှစ်ခံရသူရဲ့ အမည်မှာ ဦးအာမိရ်အာလီ၏သား ဦးမော်န်ဇူရူလ်ဟောခ်၊ အသက် (၃၆)နှစ်ဖြစ်ပြီး ရွက်ညိုတောင်ကျေးရွာရဲ့ တောင်ဘက်ခြမ်းမှာ နေထိုင်တယ်လို့ သိရပါတယ်။

ငွေညှစ်ခံရသူကို ရိုဟင်ဂျာဗီးရှင်းမှ တိုက်ရိုက်ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့်လည်း ဆက်သွယ်ရေးအခက်ခဲကြောင့် မရခဲ့ပါဘူး။ ဒေသခံရိုဟင်ဂျာတစ်ဦးကတော့ “ဘူးသီးတောင်မြို့မှာ မြန်မာအာဏာပိုင်တွေက ရိုဟင်ဂျာတွေကို အမျိုးမျိုးစွပ်စွဲပြီး ညှဉ်းပမ်းနှိပ်စက် ငွေညှစ်မှုတွေ အမြဲတစေ လုပ်ဆောင်နေတာဖြစ်ကြောင်း” ရိုဟင်ဂျာဗီးရှင်းသို့ ပြောပါတယ်။

ရိုဟင်ဂျာတွေ ခုလို ငွေညှစ်ခံနေရတာကို အထက်ကိုတိုင်ကြားပေမယ့်လည်း အရေးယူအပြစ်ပေးခြင်း တစ်စုံတစ်ရာဆောင်ရွက်ပေးတာ မရှိကြောင်း ပြောပါတယ်။ဘူးသီးတောင်မြို့နယ် တောင်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ AAတို့အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကိုအကြောင်းပြပြီး မြန်မာစစ်သားတွေက ရိုဟင်ဂျာတွေကို အဓိကပစ်မှတ်ထားလာတာကြောင့် ကျေးရွာနေ ရိုဟင်ဂျာတွေက မူလနေထိုင်ရာ ကျေးရွာပြင်ပကိုပင် သွားလာရန် ကြောက်ရွံ့နေကြတာပဲ ဖြစ်ပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.