ဘူးသီးတောင်မြို့။ ။၂၀၁၉ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့၊ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တောင်ပိုင်းမှာ မြန်မာ့တပ်မတော် စစ်ကြောင်းရဲ့ စစ်သားတွေက စိမ်းညှင်းပြာကျေးရွာကနေ ညောင်ချောင်းရွာကိုသွားတဲ့ လမ်းတလျှောက်မှာ တွေ့ရှိခဲ့သမျှ ရိုဟင်ဂျာမွတ်စလင်တွေကို ပေါ်တာဆွဲ ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံတစ်ချို့က ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။
ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘူးသီးတောင်မြို့နယ်တောင်ပိုင်း စိမ်းညှင်းပြာကျေးရွာကို ရောက်ရှိလာခဲ့တဲ့ မြန်မာ့တပ်မတော် စစ်ကြောင်းက စစ်သားတွေက အင်္ဂါနေ့မနက် ၉နာရီအချိန်ခန့်မှာ စိမ်းညှင်းပြာကျေးရွာကနေ ညောင်ချောင်းကျေးရွာဆီကို ထွက်ခွာသွားခဲ့တာပဲ ဖြစ်ပါတယ်။
ထိုစစ်ကြောင်းမှာ ပါဝင်တဲ့ စစ်သားတွေက ဖရုံချောင်းကျေးရွာအုပ်စုကို ဖြတ်သန်းသွားနေစဉ် ဖရုံချောင်း ရိုဟင်ဂျာကျေးရွာနဲ့ ပြိုင်းတောင်ကျေးရွာရဲ့ လမ်းတစ်လျှောက်မှာတွေ့ရှိသမျှ ရိုဟင်ဂျာမွတ်စလင် ဦးရေ ၃၀ကျော်ကို ပေါ်တာဆွဲခေါ်ဆောင်သွားခဲ့ပြီး ညောင်ချောင်းနယ်မြေဆီကို ပို့ပေးခိုင်းခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လက စတင်ပြီး မြန်မာ့တပ်မတော်စစ်ကြောင်းတွေ သွားလာမှုပြုနေချိန်မှာ ရိုဟင်ဂျာတွေ ဖြတ်သန်းသွားလာတာတွေ့ရှိရင် ပေါ်တာဆွဲခေါ်ဆောင်သွားခြင်း၊ ခြိမ်းခြောက်ခြင်း၊ စစ်ကြောင်းတစ်လျှောက် လူဒိုင်းအဖြစ်အသုံးချရန် ခေါ်ဆောင်သွားခြင်းတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၅ ရက်နေ့မှာလည်း သပိတ်တောင်ကျေးရွာက ရိုဟင်ဂျာတစ်ဦးဖြစ်တဲ့ ဦးအဗ်ဒူလ်ကရိမ်ကို မြန်မာစစ်တပ်က ကျည်ဆံအချက်ပေါင်းများစွာနဲ့ ပစ်သတ်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာဖြစ်ပွားနေတဲ့ မြန်မာစစ်တပ်နဲ့ AAတို့ရဲ့ တိုက်ပွဲတွေကို အကြောင်းပြပြီး မြန်မာစစ်တပ်က ရခိုင်ပြည်နယ်တွင်း ကျန်ရှိနေတဲ့ ရိုဟင်ဂျာတွေကို အဓိကပစ်မှတ်ထားပြီး လူမျိုးတုန်းသုတ်သင် ရှင်းလင်းမှုတွေကို ဆက်လက် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။
သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။