ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ ရွက်ညိုတောင်ကျေးရွာအုပ်စုတွင် ကျန်ရှိနေခဲ့သော ရိုဟင်ဂျာ မွတ်စလင်များ ပိုင်ဆိုင်သည့် နေအိမ်များထဲမှ တစ်ချို့သော နေအိမ်အလွတ်များကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အာဏာပိုင်များက ပူးပေါင်းကာ ဖြိုဖျက် ရောင်းချမှုတွေ ပြုလုပ်နေကြောင်း သတင်းရရှိပါတယ်။
၂၀၁၇ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှုများ ပြုလုပ်ချိန်တွင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံခဲ့ကြရတဲ့ ရိုဟင်ဂျာတို့ရဲ့ နေအိမ်အချို့ ရခိုင်ပြည်နယ်အတွင်း ကျန်ရှိနေခဲ့ပြီး ထိုနေအိမ်များကို အာဏာပိုင်များနှင့် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ရောင်းချမှုတွေ မကြာခဏ ပြုလုပ်လျက်ရှိပါတယ်။ ၂၀၁၉ခုနှစ် ဧပြီလ ၂၀ရက်မှာတော့ ရွက်ညိုတောင်ကျေးရွာအုပ်စုမှာ ကျန်ရှိနေခဲ့တဲ့ ဦးနူရ်အာလောမ် ၏သားများဖြစ်ကြသည့် ဦးဆွေဒါရာမာန် နှင့် ဦးဟာမိတ်ဒူရာမာန်တို့ရဲ့ နေအိမ်နှစ်လုံးကို ဖြိုဖျက် ရောင်းချခဲ့တာပဲ ဖြစ်ပါတယ်။
ထိုနေအိမ်နှစ်လုံးအနက် တစ်လုံးကို အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးနူရ်ရူဂျူဟာရ် (ဘ)ဦးအာဘူတာဟဲရ်က ဝယ်ယူခဲ့တာဖြစ်ပြီး ကျန်နေအိမ်တစ်လုံးကိုတော့ ဦးဇာဖောရ်၏သား ဦးအာလီဂျူဟာရ်က ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ မူလအိမ်ပိုင်ရှင်များ၏ ဆွေမျိုးများက အချိန်မှီ တားမြစ်ရန် သွားရောက်ခဲ့ပေမယ့်လည်း အုပ်ချုပ်ရေးမှူးနှင့် အာဏာပိုင်တို့က ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် တားမြစ်နိုင်ခြင်းမရှိပါ။
အိမ်ပိုင်ရှင်ဖြစ်တဲ့ ဦးဆွေဒါရာမာန်က “ကျွန်တော်တို့ဟာ အန္တရာယ်တွေကြားကနေ အသက်လုထွက်ပြေးခဲ့ရပြီး တစ်ဘက် အိမ်နီးချင်းနိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေကြရပေမယ့်လည်း ကျွန်တော်တို့ရဲ့ မူလနေရပ်ကို တစ်ချိန်မှာ ပြန်နိုင်လိမ့်မယ်လို့ မျှော်လင့်ချက်နဲ့ အသက်ရှင်နေချိန်မှာ ကျွန်တော်တို့ပိုင်ဆိုင်တဲ့ အိုးအိမ်တွေကို ခုလို မတရားသဖြင့် ဖြိုဖျက်ရောင်းချမှုတွေ ပြုလုပ်နေတာဟာ ကျွန်တော်တို့ရဲ့ အနာဂတ် မျှော်လင့်ချက်တွေကို ဖျက်စီးလိုက်တာဖြစ်တယ်”လို့ ဝမ်းနည်းစွာနဲ့ ရိုဟင်ဂျာ ဗီးရှင်းသို့ ပြောပါတယ်။
ရခိုင်ပြည်နယ်ဟာ ရိုဟင်ဂျာမွတ်စလင်တို့ရဲ့ မူလနေရပ် ဒေသဖြစ်ပေမယ့်လည်း မြန်မာအစိုးရက ဒေသခံတို့ရဲ့ အိုးအိမ်းစည်းစိမ်တွေကို ကာကွယ်မှုမပေးတဲ့ အပြင် သတ်ဖြတ်မှုတွေကိုပါ အမြဲတစေ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ လူနည်းစုဖြစ်တဲ့ ရိုဟင်ဂျာတွေကို မျိုးသုဉ်းပျောက်ကွယ်သွားအောင် မြန်မာအစိုးရက နည်းစနစ်ကျကျနဲ့ ယနေ့ထိတိုင် လူမျိုးတုန်း စစ်ဆင်ရေးတွေကို ဆက်လက် ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။
သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။