Press "Enter" to skip to content

ဆင်သေပြင်ကျေးရွာနေ ရိုဟင်ဂျာများ ရေရှားပါးမှု ပြသနာနှင့် ရင်ဆိုင်နေရ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စံဂိုးထောင် ကျေးရွာအုပ်စု ဆင်သေပြင်ကျေးရွာတွင် နေထိုင်ကြသော ရိုဟင်ဂျာမွတ်စလင်များ သောက်သုံးရေ ရှားပါးမှုပြသနာများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံတစ်ဦးက သတင်းပေးပို့ထားပါတယ်။

ဆင်သေပြင်ကျေးရွာတွင် နေထိုင်သူ လူဦးရေ စုစုပေါင်း (၂၀၀၀)ခန့်ရှိပြီး အိမ်ခြေ (၂၅၀)ခန့် ရှိပါတယ်။ ထိုကျေးရွာတွင်း နေထိုင်ကြတဲ့ ရိုဟင်ဂျာမွတ်စလင်များမှာ ဆင်းရဲနွမ်းပါးသူများ ဖြစ်ကြပြီး စားဝတ်နေရေးအခက်ခဲများ ရင်ဆိုင်နေရချိန်တွင် သောက်သုံးရေ ရှားပါးမှုကိုပါ ထပ်လောင်း ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တို့ တိုက်ပွဲကြောင့် ယခင်က စီးရေနှင့် စိမ့်ရေများကို ခပ်ယူ သောက်သုံးခဲ့ကြပေမယ့်လည်း ယခုချိန်တွင် ရွာသူ/သားများ ရေခပ်မသွားနိုင်ပဲ ဖြစ်နေကြပါတယ်။ ရွာသူ/သားများ ရေခပ်ရန် သွားရောက်နေကျဖြစ်တဲ့ နေရာများတွင် မြေမြှပ်မိုင်းများ မြှပ်နှံထားတာကြောင့် ရေခပ်သွားစဉ်တွင်း ဒဏ်ရာရ သေဆုံးသူတွေရှိခဲ့တာကြောင့် ကျေးရွာနေ ရိုဟင်ဂျာများက မသွားရောက်နိုင်ပဲ ဖြစ်နေကြပါတယ်။

မွတ်စလင်တို့ရဲ့ လမြတ်ရမ်ဇာန်(ဥပုတ်လ)ကျရောက်ကာနီးပြီ ဖြစ်တာကြောင့် သောက်ရေရှားပါးမှုနဲ့ ရင်ဆိုင်နေကြရတဲ့ ရိုဟင်ဂျာမွတ်စလင်တို့အတွက် အကူညီများ အမြန်ဆုံးလိုအပ်ကြောင်း ဒေသခံတစ်ဦးက တောင်းဆိုလိုက်ပါတယ်။ အဝီစိတွင်းများတူးလျင် ရေရနိုင်ချေ ရှိပေမယ့် နွမ်းပါးသည့် ရွာသားများအနေနှင့် ငွေကြေးမတတ်နိုင်တာကြောင့် အလှူရှင်များ၏ အကူအညီလိုအပ်နေကြောင်းလည်း ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်း နေထိုင်ကြတဲ့ ဖိနှိပ်ခံ ဒေသခံရိုဟင်ဂျာမွတ်စလင်တို့ရဲ့ သွားလာမှုကို မြန်မာအစိုးရက ကန့်သတ် ထိန်းချုပ်တာကြောင့် ဝမ်းစာရှာမထွက်နိုင်ပဲ စားဝတ်နေရေး လွန်စွာမှ ခက်ခဲနေကြရပါတယ်။ မြန်မာအစိုးရရဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုတွေကို ရင်ဆိုင်နေကြရတဲ့ ရိုဟင်ဂျာမွတ်စလင်တို့အတွက် တရားမျှတမှုကို ယနေ့ထိတိုင် မရရှိနိုင်ပဲ ဖြစ်နေပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.