ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တောင်ပိုင်း စိုင်းဒင်ချောင်းတွင် ဝါးလုပ်ငန်းစဉ်များ လုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်း ပြုနေသော ရိုဟင်ဂျာမွတ်စလင်တို့အား ရခိုင်အစွန်းရောက် တစ်ချို့က ပြီးခဲ့တဲ့ရက်ပိုင်းမှာ မြန်မာစစ်တပ်မှ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်ခဲ့သည်ကို အခွင့်ကောင်းယူကာ နိုင်ထက်စီးနင်းများ ပြုလုပ်နေကြောင်း Rohingya Vision သတင်းဌာနသို့ သတင်းပေးပို့ထားပါတယ်။
ဘူးသီးတောင်မြို့ တောင်ပိုင်းမှာရှိတဲ့ စိုင်းဒင်ချောင်းတစ်လျှောက်မှာ အစိုးရခွင့်ပြုချက်ဖြင့် တရားဝင် ဝါးလုပ်ငန်း၊ သစ်လုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ ဒေသခံရိုဟင်ဂျာများ ပိုင်ဆိုင်တဲ့ သစ်တွေနဲ့ ဝါးတွေကို သရက်ပြင်ကျေးရွာမှာ နေထိုင်တဲ့ ရခိုင်အစွန်းရောက်တစ်ဦးဖြစ်သူ မောင်ထွန်းသိန်း(ခ) မောင်ဘုနှင့် အပေါင်းပါများက ပြီးခဲ့တဲ့ ကြာသပတေးနေ့(၁၂၊ ၄၊ ၂၀၁၉)မှာ မီးရှို့ဖျက်စီးလိုက်ကြောင်း သိရပါတယ်။
၎င်းအစွန်းရောက် ရခိုင်(ဗုဒ္ဓဘာသာဝင်)များ မီးရှို့ဖျက်စီးခဲ့သည့် သစ်နှင့် ဝါးများမှာ ခေတ်ကာလ တန်ဖိုးအရ ငွေကျပ် သိန်းသုံးရာခန့် ရှိကြောင်းလည်းသိရပါတယ်။ အဆိုပါ အစွန်းရောက် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မောင်ထွန်းသိန်းကလည်း ဝါးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ရိုဟင်ဂျာတို့ ပိုင်ဆိုင်သည့် သစ်၊ဝါးများကို သုံးရက်ဆက်တိုက် ရွာသို့သယ်ဆောင်လာကာ မီးရှို့ဖျက်ဆီးခဲ့တာပဲ ဖြစ်ပါတယ်။
မြန်မာစစ်တပ်က စိုင်းဒင်ချောင်းတစ်လျှောက်မှာ ဝါးလုပ်ငန်းလုပ်ကိုင်နေကြတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်မှုတွေ လုပ်ကိုင်ပြီးတဲ့နောက်မှာ ရိုဟင်ဂျာတွေက ကြောက်ရွံ့ပြီး မိမိတို့လုပ်ငန်းခွင်သို့ မသွားရောက်နိုင်ခြင်းကို အခွင့်ကောင်းယူကာ စိုင်းဒင်ချောင်းတစ်လျှောက်တွင် ချန်ထားခဲ့ရသည့် ရိုဟင်ဂျာတို့ ခုတ်ထစ်ထားခဲ့သမျှ ဝါးနှင့် သစ်များအားလုံးကို မီးရှို့ဖျက်စီးလိုက်တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်တွင်းနေထိုင်ကြတဲ့ ဒေသခံ ရိုဟင်ဂျာတို့က မြန်မာအာဏာပိုင်များရဲ့ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မှုတွေ ခံနေကြရသလို တစ်ဘက်မှလည်း ရခိုင်အစွန်းရောက်တို့ရဲ့ နိုင်ထက်စီးနင်းပြုကျင့်မှု၊ သတ်ဖြတ်မှုတွေကို ခံနေကြရတာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့အသိုင်းဝိုင်းက ရိုဟင်ဂျာတွေ မတရားမှုများဖြင့် ရင်ဆိုင်နေရတာကို ထောက်ပြပြောဆိုနေပေမယ့်လည်း မြန်မာအစိုးရက လျစ်လျူရှုပြီး ဒေသခံ အပြစ်မဲ့ ရိုဟင်ဂျာတွေကို ပြည်တွင်းမှာ မနေနိုင်အောင် ဖိနှိပ် သတ်ဖြတ်မှုတွေ ဆက်လက် ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။
သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။