Press "Enter" to skip to content

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည်(၂၀) ရာခိုင်နှုန်းတွင် အသည်းရောင်အသားဝါ စီပိုးတွေ့ရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားတွင်ရှိသည့် ရိုဟင်ဂျာ ဒုက္ခသည်စခန်းများမှ ဒုက္ခသည် (၂၀) ရာခိုင်နှုန်းတွင် (Hepatitis C) အသည်းရောင်အသားဝါ စီပိုးတွေ့ရှိသည်ဟု MSF ၏ ဇွန်လ (၁၂) ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ဒုက္ခသည် ရိုဟင်ဂျာ (၅) ဦးတွင် (၁) ဦးနှုန်းပျမ်းမျှဖြင့် (Hepatitis C) အသည်းရောင်အသားဝါစီပိုးတွေ့ရှိခြင်း ဖြစ်ပြီး ခန့်မှန်းလူဦးရေအရွယ်‌ရောက်ပြီးသူ စုစုပေါင်း (၈၆၀၀၀) တွင် ထိုရောဂါပိုး ကူးစက်နေကြောင်းနှင့် ကုသရန် လိုအပ်နေကြောင်း MSF နယ်စည်းမခြားဆရာဝန်များအသင်း၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

“စခန်းတွေအားလုံးကို လေ့လာချက်အရ အရွယ်ရောက်ပြီးသူ (၅) ဦးမှာ (၁) ဦးဟာ ရောဂါပိုး ကူးစက်ခံထားရပါတယ်။ သူတို့ကို ကုသမှုပေးဖို့ လိုအပ်နေပါတယ်” ဟု ဆိုထားသည်။

ရိုဟင်ဂျာ ဒုက္ခသည်စခန်းများမှ အိမ်ထောင်စု (၆၈၀) တို့အား ၂၀၂၃ ခုနှစ် မေလနှင့် ဇွန်လများတွင် MSF ၏ကူးစက်ရောဂါနှင့် သုတေသနဌာနက စစ်တမ်းတစ်ခုပြုလုပ်ခဲ့ရာတွင် ထိုသို့ တွေ့ရှိခြင်း ဖြစ်ကြောင်း ဆိုထားသည်။

ရောဂါရှာဖွေ ကုသနိုင်ရေးအတွက် MSF တစ်ခုတည်းဖြင့် မတတ်နိုင်သောကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ကူညီပေးကြရန် ဘင်္ဂလား‌ဒေ့ဆိုင်ရာ MSF ခေါင်းဆောင်က တောင်းဆိုထားသည်။

“ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ ဆေးခန်းတွေမှအပ အခြားရရှိ တတ်နိုင်တဲ့ ရွေးချယ်စရာတွေ မရှိသလောက်ရှားပါးပါတယ်။ ဒါဟာ အခြေခံအကျဆုံးအခွင့်အရေးတွေကို ရသင့်ရထိုက်တဲ့ နိုင်ငံမဲ့အသိုက်အဝန်းအတွက် နောက်ဆုံးအဆုံးသတ်ဖြစ်ပြီး သူတို့ရဲ့နေ့စဉ်ဘဝနယ်ပယ်အားလုံးမှာ အသေအပျောက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။” ဟု Baylac ကပြောထားသည်။

အသည်းရောင်အသားဝါ C ပိုးသည် ရောဂါပိုးရှိသူများတွင် အချိန်အကြာကြီး မြုံနေနိုင်သော ရောဂါဖြစ်ပြီး မကုသပါက အသည်းကို တိုက်ခိုက်လာနိုင်ကာ ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်ပြီး များသောအားဖြင့် အသည်းခြောက်ခြင်း သို့မဟုတ် အသည်းကင်ဆာ၊ ဆီးချိုရောဂါ၊ စိတ်ဓာတ်ကျခြင်းနှင့် ပင်ပန်းနွမ်းနယ်မှု အပါအဝင် အခြေအနေများစွာ ဖြစ်ပေါ်လာနိုင်ခြေရှိကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားတွင် ဒုက္ခသည် ရိုဟင်ဂျာ (၁၀) သိန်းနီးပါးကို ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် UNHCR ပူးပေါင်းပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စာရွက်စာတမ်းများ ထုတ်ပေးထားပြီး ဖြစ်ကြောင်း UNHCR ၏ထုတ်ပြန်ချက်အရ သိရသည်။

Rohingya Vision News

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.