ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာတွင် စစ်ပွဲဇုန်အတွင်း ပိတ်မိနေတဲ့ ရိုဟင်ဂျာမိသားစု ၂၈ စု၊ လူဦးရေ ၁၂၈ ဦးအား ယနေ့ ဇွန်လ ၁၀ ရက်နေ့၊ မနက်ပိုင်းတွင် အေအေတပ်ဖွဲ့ဝင်တွေက ကျေးရွာအတွင်းသို့ လာရောက်ကာ ရိုဟင်ဂျာတွေကို နှင်ထုတ်ပြီးနောက် ရိက္ခာအပါအဝင် ပစ္စည်းများအားလုံးကို သိမ်းဆည်းခဲ့တယ်လို့ နှင်ထုတ်ခံရတဲ့ ရိုဟင်တစ်ဦးကပြောပါတယ်။
အလယ်သံကျော်ကျေးရွာတွင် စစ်ပွဲဇုန်အတွင်း ပိတ်မိနေတဲ့ ရိုဟင်ဂျာမိသားစု ၂၈ စု၊ လူဦးရေ ၁၂၈ ဦး ရှိပါတယ်၊ ယနေ့ နံနက်ပိုင်းတွင် ရက္ခိုင့်တပ်တော်အေအေတပ်ဖွဲ့ဝင်တွေ ရွာကို ရောက်ရှိလာပြီး အလယ်သံကျော်နယ်ခြားစောင့်ရဲစခန်းကို တိုက်ဖို့ ဒီရွာကို လိုအပ်တယ်လို့ ပြောပြီး ရိုဟင်ဂျာတွေအား ရွာမှ နှင်ထုတ်ခဲ့ပြီးနောက် ရိက္ခာအပါအဝင် ပစ္စည်းများအားလုံးကို AA က သိမ်းဆည်းခဲ့တယ်။ ခုတော့ ဒီလူတွေ ရှင်သန်ဖို့ ဘာမှ မရှိတော့ဘူး။ အနီးအနားတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေချိန်၌ သူတွေမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးရန် သို့မဟုတ် အခြားနေရာသို့ ပြောင်းရွှေ့ရန် မြစ်ကို ဖြတ်၍ မသွားနိုင်ဘဲ သေဆုံး ကျန်ရစ်ခဲ့ပုံရမယ့်အတွက် နိုင်ငံတကာအသိုင်းအဝန်းထံမှ အရေးပေါ်အကူအညီကို တောင်းခံနေတာကို ရုပ်သံထွက်ဆိုချက်အရ သိရပါတယ်။
မနေ့ကလည်း မောင်တောမြို့နယ် သီးဟိုဠ်ကျွန်းကျေးရွာအုပ်စု ဟာဘီရွာတွင် လက်နက်ကြီးကျကာ အပြစ်မဲ့ ရိုဟင်ဂျာ ကလေး အပါအဝင် တစ်မိသားစုလုံး ပွဲချင်းပြီး ၅ဦး သေဆုံး၊ ၈ ဉီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်။အဲ့ဒီမိသားစုထဲက ကျန်ရစ်သူတွေ ရှိခဲ့ရင် သူတို့ဟာ လူသေတစ်ယောက်လိုပဲ အသက်ရှင်နေရမှာပါ။
ရခိုင်အရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ” ရခိုင်တိုက်ပွဲမှာ တိုက်နေတာက စစ်ကောင်စီနဲ့ အေအေပါပဲ။ ကြားထဲမှာ ရိုဟင်ဂျာတွေ နေနေတဲ့ ရွာတွေကို နှစ်ဖက်စလုံးက လက်နက်ကြီးတွေ ဘာလို့ မဆီမဆိုင် ပစ်နေရတာလဲ။ ဒီလိုမျိုး အပြစ်မဲ့အရပ်သားတွေ အစုလိုက်အပြုံလိုက် သတ်နေတာတွေကို အချိန်နဲ့တစ်ပြေးညီ မှတ်တမ်းတင်နေသူတွေ ကမ္ဘာတစ်ဝန်းမှာ ရှိပါတယ်။ ကျူးလွန်သူတွေဟာ ဒါတွေကို တစ်နေ့ တာဝန်ယူ ဖြေရှင်းရမှာပါ ” ပြောပါတယ်။
Rohingya Vision News