Press "Enter" to skip to content

စစ်ကောင်စီက မောင်တောဆေးရုံ ပိတ်လိုက်လို့ ဒေသခံတွေ အခက်တွေ့နေ

အာရ်ကာန်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင် ပြည်သူ့ဆေးရုံဟာ မတ်လ ၁ ရက်နေ့ကစပြီး ကျန်းမာရေးဝန်ထမ်းတွေ မရှိတော့တာကြောင့် ကုသရေးအပိုင်း ရပ်တန့်သွားပြီး နေမကောင်းဖြစ်နေတဲ့လူနာတွေ၊ မီးဖွားမယ့်လူနာတွေနဲ့ အရေးပေါ်လူနာတွေ အခက်အခဲကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆေးရုံပိတ်ပြီး ဆရာဝန်နဲ့ ဝန်ထမ်းအားလုံး စစ်တွေမြို့ကိုလာဖို့ ပြည်နယ်စစ်ကောင်စီက မတ်လ ၁ ရက်နေ့မှာ ဖိအားပေးခေါ်ခဲ့ပြီးနောက်ပိုင်း အခုလိုရပ်တန့်နေတာလို့ အမည်မဖော်လိုတဲ့ မောင်တောမြို့ခံတစ်ဦးက Rvsion ကို ပြောပါတယ်။

“အခုဆေးရုံက ဝန်ထမ်းတွေအားလုံး အဖမ်းခံရမှာကြောက်လို့ အားလုံးရှောင်နေကြတယ်။ ဝန်ထမ်းတွေမရှိတော့ ဆေးရုံက ပုံမှန်မလည်ပတ်နိုင်ဘဲ ပိတ်ထားရတော့ ကလေးခွဲမွေးရမယ့်လူတွေနဲ့ အရေးပေါ်လူနာတွေ ပိုပြီးတော့ ဒုက္ခရောက်တယ်”

ကျန်းမာရေးဝန်ထမ်းတွေကတော့ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ဖမ်းဆီးခံရမှုတွေရှိတဲ့အပေါ် စစ်ကောင်စီကို အယုံအကြည်မရှိတာကြောင့် စစ်တွေကိုမပြန်ဘဲ ဘေးလွတ်ရာ တိမ်းရှောင်နေကြတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီဘက်က ဆေးရုံကိုပြန်ဖွင့်ခိုင်းထားပေမယ့် မတ်လ ၁ ရက်နေ့ကတည်းက ဘေးလွတ်ရာ တိမ်းရှောင်နေတဲ့ ကျန်မာရေးဝန်ထမ်းတွေ ပြန်မလာရဲတာကြောင့် ကုသရေးအပိုင်းမှာ လူမရှိတော့တာလို့ ဒေသခံတွေက ပြောပါတယ်။

ပြီခဲ့တဲ့ရက်ကလည်း မောင်တောမြို့ခံ ရိုဟင်ဂျာ အမျိုးသမီးတစ်ဦးဟာ ဆေးရုံမှာဝန်ထမ်းမရှိတာကြောင့် ကလေးမီးဖွားဖို့နောက်ကျပြီး ကလေးဆုံးရှုံးခဲ့ရတယ်လို့ နောက်ထပ်မြို့ခံတစ်ဦးက Rvsion ကို ပြောပါတယ်။

“ရိုဟင်ဂျာ အမျိုးသမီးတစ်ယောက် ကလေးလာမွေးတာ၊ ကလေးက ဆုံးသွားတယ်လို့ ပြောတယ်။ ပြီးတော့ မောင်တော စံပြရွာက အမျိုးသမီးတစ်ယောက်လည်း ဆေးရုံမှာဝန်ထမ်းတွေမရှိလို့ ကလေးမွေးဖို့ အခက်အခဲဖြစ်ခဲ့တယ်။ နောက်ဆုံး အပြင်က သူနာပြုတစ်ယောက်ကို အိမ်ခေါ်ပြီးမွေးလိုက်ရတယ်”


ဆေးရုံရပ်နားထားရတဲ့အကြောင်း အသေးစိတ်သိရဖို့ မောင်တောခရိုင် ပြည်သူ့ဆေးရုံရဲ့ ဆေးရုံအုပ် ဒေါက်တာ နုကေသီဇံကို မေးမြန်းဖို့ကြိုးစားခဲ့ပေးမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

Rohingya Vision News

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.