Press "Enter" to skip to content

အဓမ္မစစ်သင်တန်းပေးခံရသည့် ရိုဟင်ဂျာလူငယ်များ သင်တန်းဆင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ရိုဟင်ဂျာဒုက္ခသည့်စခန်းတစ်ခုမှ လူငယ် ၁၀၀ ကျော်ကို ၎င်းတို့၏ ဆန္ဒမပါဘဲ စစ်ကောင်စီတပ်က နှစ်ပတ်နီးပါးကြာ အတင်းအကျပ် စစ်သင်တန်းပို့ချပြီးနောက် ယမန်နေ့ (မတ်လ ၁၁) က သင်တန်းဆင်းပေးလိုက်သည်။

ကျောက်ဖြူမြို့တောင်ဘက် သုံးမိုင်ခန့်အကွာရှိ ‘ကျောက်တစ်လုံး’ ရိုဟင်ဂျာဒုက္ခသည့်စခန်းရှိ လူ ၁၂၇ ဦးကို ကျောက်ဖြူမြို့အခြေစိုက် အမှတ် ၅၄၂ ခြေမြန်တပ်ရင်း (ခမရ ၅၄၂) အတွင်းသို့ စစ်တပ်က အတင်းအဓမ္မခေါ်ဆောင်သွားကာ ‘ပြည်သူ့စစ်သင်တန်း’ ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီ ၂၈ မှစ၍ စစ်သင်တန်းပေးခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော ၁၂ ခန့်က ဖြစ်ပွားခဲ့သော လူမျိုးရေးပဋိပက္ခအတွင်း နေအိမ်များမီးရှို့ခံရကာ ဒုက္ခသည်စခန်းတွင် ကန့်သတ်ချက်ပေါင်းများစွာဖြင့် နေထိုင်နေရသော ရိုဟင်ဂျာများအတွက် အတင်းအကျပ်ခေါ်ဆောင်ကာ စစ်သင်ပေးခြင်းကို ရှောင်လွှဲနိုင်မည့်နည်းလမ်း မရှိပေ။

“ကျွန်တော်တို့မှာ (စစ်ထဲ) ဝင်ဖို့ လုံးဝဆန္ဒမရှိပါဘူး။ ပြည်သူ့စစ်သားဆိုပြီး သူတို့ပြောပြီးတော့ အတင်းဝင်ဖို့တာဝန်ရှိတယ်ဆိုလို့ (သင်တန်း) တက်ရတာ။ ကျွန်တော်တို့မှာ ဘယ်မှလည်း ပြေးစရာ မရှိဘူး” ဟု စစ်သင်တန်းတက်ရောက်ခဲ့ရသူ၊ အမည်မဖော်လိုသည့် ရိုဟင်ဂျာလူငယ်တစ်ဦးက ပြောသည်။

ကျောက်တစ်လုံးဒုက္ခသည်စခန်း၏ မြောက်ဘက် ၆ ဖာလုံခန့်အကွာရှိ ခမရ ၅၄၂ တပ်ရင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်သည့် သင်တန်းဆင်းပွဲတွင် တစ်ဦးလျှင် ကျပ်ငွေငါးသောင်းနှင့် စစ်ယူနီဖောင်းတစ်စုံစီ ထုတ်ပေးခဲ့သည်ဟု သိရသည်။

ထို့ပြင် စစ်သင်တန်းဆင်းပွဲတွင် စစ်ကောင်စီတပ်က အမဲသားဒံပေါက်ဖြင့် ကျွေးမွေးဧည့်ခံကာ၊ သင်တန်းဆင်းသူ စုစုပေါင်း ၉၉ ဦး ရှိသည်ဟုလည်း သိရသည်။

စစ်သင်တန်းတက်ရသော ရိုဟင်ဂျာလူငယ် ၃ ဦး၊ ၎င်းတို့မိသားစုဝင်အချို့နှင့် Rvision က စကားပြောခွင့်ရခဲ့ပြီး၊ ၎င်းတို့အားလုံးမှာ သင်တန်းတက်ရောက်လိုခြင်း အလျှင်းမရှိကြပေ။ စစ်တပ်နှင့် တိုက်ခိုက်နေသော ရက္ခိုင့်တပ် AA နှင့် ရခိုင်တိုင်းရင်းသားတို့၏ အထင်အမြင် လွဲမှားခြင်းခံရမည်ကို ရိုဟင်ဂျာများက အထူးစိုးရိမ်နေကြသည်။

ခမရ ၅၄၂ တပ်ရင်း၊ လေ့ကျင့်ရေးကွင်း၌ ရိုဟင်ဂျာလူငယ်များကို တန်းစီထိုင်ခိုင်းထားကာ သင်တန်းဆင်းပွဲတက်လာသည့် စစ်တပ်အရာရှိကြီးတစ်ဦးက စကားပြောဆိုသော်လည်း စစ်သင်တန်းဆင်း ရိုဟင်ဂျာလူငယ်များကို ပေးအပ်မည့် တာဝန်နှင့် အချိန်ကာလကို အတိအကျပြောဆိုခြင်း မရှိဟု ဆိုသည်။

ရိုဟင်ဂျာများကို စစ်တပ်က ယုံကြည်သည့်အတွက် စစ်ပညာသင်ပေးပြီး တိုင်းပြည်ကာကွယ်ခိုင်းမည်ဟု စစ်တပ်အရာရှိကြီးတစ်ဦးက သင်တန်းပထမနေ့တွင် ပြောကြားခဲ့သည်ဟု ထိုအခြေအနေကို သိရှိသူတစ်ဦးက ပြောသည်။

သင်တန်းကာလအတွင်း ချီတက်လမ်းလျှောက်ခြင်း၊ တန်းစီခြင်း၊ အလေးပြုခြင်းနှင့် သေနတ်အဖြုတ်၊ အတပ်တို့ကို သင်ကြားပေးသော်လည်း ကျည်အစစ်ဖြင့် လက်တွေ့ပစ်ခတ်ခိုင်းခြင်းမရှိဟု ရခိုင်ပြည်နယ်၊ လုံခြုံရေးအသိုင်းအဝိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ပြောသည်။

Rohingya Vision News

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.