မတ်လ ၀၉၊ ၂၀၂၂
ဘင်္ဂလာဒေ့ရှ်၊ ဂော့စ်ဘဇားရှိ Kutupalong ဒုက္ခသည်စခန်းတွင် ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ မီးလောင်မှုတွင် အသက် ၆ နှစ်အရွယ် ဒုက္ခသည် ကလေးငယ်တစ်ဦး သေဆုံးမှုပြီး အမိုးအကာ ၄၀၀ ကျော် ပျက်စီးခဲ့ကြောင်း သိရပါတယ်။
အမှတ်(၅) ဒုက္ခသည်စခန်းမှ ညနေ ၀၃ :၃၀ ဝန်းကျင်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကလေးငယ်တစ်ဦး မီးလောင်ကျွမ်းမှုကြောင့် ပွဲချင်းသေဆုံးခဲ့ပြီး လူတစ်ဦး သေလုနီးပါးကြောင်း သိရပါတယ်။
မီးခိုးငွေ့ရှူရှိုက်မိလို့ သေလုနီးပါးဖြစ်တဲ့ အမျိုးသားကို ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် အခုအခြေအနေကတော့ ပြန်လည်တည်ငြိမ်နေပြီလို့ UNHCR အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်၊ UNCRH ရဲ့ ကနဦးပိုင်းခြားစိတ်ဖြာချက်အရ မီးလောင်မှုတွင် စာသင်ခန်းနှစ်ရုံ၊ ရေဖြန့်ဖြူး ရေးကွန်ရက်၊ ရေဆေးကိရိယာအများအပြားနှင့် UNHCR ထောက်ပံ့တဲ့ မူလကျန်းမာရေးစောင့် ရှောက်မှု စင်တာအပါအဝင် အမိုးအကာများနှင့် အဆောက်အဦ ၄၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ဒါပေမယ့် ဒုက္ခသည်တွေက အမိုးအကာ ၆၀၀ လောက် မီးလောင်ပြာကျသွားတယ်လို့ ပြောပါတယ်။
UNHCR၊ IOM နှင့် အခြားအဖွဲ့အစည်းများနှင့်အတူ ရိုဟင်ဂျာဒုက္ခသည်များ မီးစတင်ငြှိမ်းသတ်ခဲ့ရာ ဒေသ ဆိုင်ရာ မီးသတ်ဌာနနှင့် အာဏာပိုင်များ ရောက်ရှိလာပြီး ညနေ ၄ နာရီ ၄၅ မိနစ်တွင် ကပ်လျက်စခန်းများ သို့ မကူးစက်မီ မီးငြိမ်းနိုင်ခဲ့ကြောင်း ဒုက္ခသည် စေတနာ့ဝန်ထမ်းများက ပြောပါတယ်။
ယခုနှစ်အစကတည်းက Cox’s Bazar ဒုက္ခသည်စခန်းများတွင် ဒါဟာ ခြောက်ကြိမ်မြောက် မီးလောင်မှု ဖြစ်ပြီး ဇန်နဝါရီလတွင် အမိုးအကာပေါင်း ၁၂၀၀ ပျက်စီးသွားတဲ့ မီးလောင်မှုကြီးတစ်ခုလည်း ဖြစ်ပွားခဲ့ပါတယ်၊
Reported By: Staff Correspondent
အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်