Press "Enter" to skip to content

ရခိုင်ပြည်နယ် ဘူးသီးတောင်မှ တိုင်းရင်းသားရိုဟင်ဂျာအမျိုးသား (၅)ဦးပျောက်ဆုံး

ဧပြီလ၂၀ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ ဖရုံချောင်းကျေးရွာအုပ်စု၊ဒိုးတန်းရွာမှ မေယုတောင်ထဲသို့ သစ်ခွဲရန်သွားရောက်ခဲ့သော တိုင်းရင်းသားရိုဟင်ဂျာအမျိုးသား(၄)ဦးဟာ ဧပြီလ(၂၆)ရက်နေ့မှ စတင်ပျောက်ဆုံးလျက်ရှိနေပြီး ဧပြီလ(၂၈)ရက်နေ့မှာတော့ နောက်ထပ်ရိုဟင်ဂျာအမျိုးသားတစ်ဦး ပျောက်ဆုံးခဲ့တယ်လို့ ရိုဟင်ဂျာတူဒေးသို့ ဒေသခံများက ပြောပြခဲ့တယ်လို့ သိရပါတယ်။

အဆိုပါပျောက်ဆုံးသူ သစ်ခွဲသမားတိုင်းရင်းသားရိုဟင်ဂျာ(၄)ဦးဟာ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း ဖရုံချောင်းကျေးရွာအုပ်စုနေ ဒိုးတန်းကျေးရွာမှ ဦးလာလူး(၃၀နှစ်)၊အဘူလ်ဟာရှီမ်း(၂၄နှစ်)၊ ဦးဂျမီးလ်(၃၂နှစ်)နဲ့ ဦးဆော်လိမ်(၃၆နှစ်)တို့ဖြစ်ကြပြီး မေယုတောင်သို့ ဧပြီလ၂၀ရက်နေ့မှာ သွားရောက်ခဲ့တာပဲဖြစ်ပါတယ်။ “၎င်းတို့ဟာ ဧပြီ၂၆ရက်နေ့ နေ့လည်အထိ ၎င်းတို့မိသားစုဝင်အချို့နဲ့ ဖုန်းအဆက်သွယ်ရှိနေခဲ့ပေမဲ့ ထိုနေ့ညနေပိုင်းမှစတင်ကာ အဆက်သွယ်မရရှိတဲ့အတွက် မိသားစုဝင်များက ၎င်းတို့သွားတတ်တဲ့နေရာများကို ရှာဖွေခဲ့ရာ ဘာသတင်းမှမရရှိခဲ့ပါ။ ၎င်းတို့ရဲ့အသက်အန္တရာယ်ကို စိတ်ပူပန်လျက်ရှိနေတယ်လို”့ ဒေသခံတစ်ဦးက ပြောပြခဲ့တယ်ကြောင်း သိရပါတယ်။

ဧပြီလ(၂၆)နေ့တွင် မောင်တောမြို့နယ်တောင်ပိုင်း၊ ဥဒေါင်းကျေးရွာဘက်မှ စစ်ကြောင်းတစ်ကြောင်းဟာ တောလမ်းအတိုင်း မေယုတောင်ထဲသို့  ဝင်ရောက်အခြေချလျက်ရှိရာ အဆိုပါစစ်သားများက သစ်ခွဲသမားတိုင်းရင်းသားရိုဟင်ဂျာ(၄)ဦးကို ခိုင်းရန် ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်နိုင်တယ်လို့ ဒေသခံများက သုံးသပ်နေကြတာပဲဖြစ်ပါတယ်။

ဒါ့အပြင်ဧပြီလ(၂၈)ရက်နေ့တွင်လည်း ဖရုံချောင်းကျေးရွာအုပ်စု၊ဖရုံချောင်းရွာမှ ဦးဟာရှိမိး(၅၄နှစ်)ဟာ မေယုတောင်ထဲရှိ မီးသွေးထုတ်လုပ်ရေးလုပ်ငန်းသို့သွားရာမှ ပျောက်ဆုံးနေခဲ့ပြီး စစ်သားများကဖမ်းဆီးထားတယ်လို့ ရွာသားများကယူဆနေကြတယ်လို့ သိရှိရပါတယ်။

လက်ရှိတွင် မြန်မာစစ်တပ်နဲ့AAတို့တိုက်ပွဲများဟာ ရိုဟင်ဂျာကျေးရွာများအနီးတွင် ဖြစ်ပွားလျက်ရှိရာ တိုင်းရင်းသားရိုဟင်ဂျာများဟာ ထိခိုက်သေဆုံးခြင်း၊ အိုးအိမ်များမီးလောင်ဖျတ်ဆီးခံရခြင်း၊ အပြစ်မဲ့ရွာသားများဖမ်းဆီးခံရခြင်းများ ကြုံနေရကာ မြေစာပင်ဘဝဖြင့် ခက်ခက်ခဲခဲရှင်သန်နေကြရတာပဲ ဖြစ်ပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.