Press "Enter" to skip to content

မောင်တောတွင် ဒေသခံဗုဒ္ဓဘာသာဝင်များက (IDP)စခန်းရှိ တိုင်းရင်းသားရိုဟင်ဂျာများ နေရပ်သို့ပြန်လာခြင်းကိုနှောင့်ယှက်

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ရခိုင်ဗုဒ္ဓဘာသာဝင်များက မြို့ပြ၅ရပ်ကွက်မှ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ တိုင်းရင်းသားရိုဟင်ဂျာများကို ၎င်းတို့ရဲ့မူလနေရာသို့ ပြန်ပို့ရန် အစီစဉ်အား အကောင်အထည်ဖော်ဖို့အတွက် အဟန့်အတားဖြစ်စေတယ်လို့ သက်ဆိုင်ရာအာဏာပိုင်များက ရိုဟင်ဂျာတူဒေးသို့ ပြောပြခဲ့တယ်လို့ သိရပါတယ်။

၂၀၁၇ခုနစ် သြဂုတ်လ၂၅ရက်နောက်ပိုင်းတွင် မြန်မာစစ်တပ်သည် ရခိုင်လူမျိုး ဗုဒ္ဓဘာသာအစွန်းရောက်များနဲ့ပူးပေါင်းကာ မောင်တောမြို့၅ရပ်ကွက်အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ တိုင်းရင်းသားရိုဟင်ဂျာများအား ဆန့်ကျင်သုတ်သင်ရှင်းလင်းရေး စစ်ဆင်ရေးကို စတင်ခဲ့ပြီး တိုင်းရင်းသားရိုဟင်ဂျာများ၏ နေအိမ်များအား မီးရှို့ဖျတ်စီးခြင်းများ ပြုလုပ်ခဲ့တဲ့အတွက် တိုင်းရင်းသားရိုဟင်ဂျာများစွာတို့ဟာ ၎င်းတို့ရဲ့နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။

မောင်တောမြို့၅ရပ်ကွက်ရှိ အိမ်ခြေ၄၀၀ခန့် မီးရှို့ဖျတ်စီးခံခဲ့ရတဲ့အတွက် တိုင်းရင်းသားရိုဟင်ဂျာသုံးပုံတပုံမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ကျန်ရစ်ခဲ့သူများကတော့ နီးစပ်ရာနေရာများသို့ ထွက်ပြေးခဲ့ကြရပါတယ်။ ၎င်း၅ရပ်ကွက်သာမက အခြား၃ရပ်ကွက်နဲ့၎ရပ်ကွက်ရှိ နေအိမ်များပါ ဆိုးရွားစွာဖျတ်စီးခံခဲ့ရတာပဲဖြစ်ပါတယ်။

သတင်းများအရ မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ကြိုင်ဟာ အိမ်ထောင်စု(၃၃၃)စုပါဝင်တဲ့ ၅ရပ်ကွက်ရဲ့မြောက်ဖက်ပိုင်းမှာ   နေရပ်စွန့်ခွာတိမ်းရှောင်သူများအား ပြန်လည်နေရာချထားရန်နဲ့ အခြားတစ်ဖက်မှာတော့ ဗုဒ္ဓဘာသာဝင်များကို ထားရှိရန် စီစဉ်ထားခဲ့ပါတယ်။

ဖေဖော်ဝါရီလနှောင်းပိုင်းမှာတော့ လက်ရှိမြို့နယ်အုပ်ချုပ်ရေးမှူးဦးငွေထွန်းက အရင်အစီစဉ်ကို ၅ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ဆွေးနွေးခဲ့ပေမဲ့ ငြိမ်းချမ်းရေးကို မလိုလားတဲ့ ရခိုင်ဗမာများက ကန့်ကွက်ခဲ့ပါတယ်။ အဲဒီအစား အခြားအစီအစဉ်တစ်ခုအဖြစ် မြို့နဲ့၆မိုင်အကွာရှိ နွားရုံတောင်ကျေးရွာမှာ တိုင်းရင်းသားရိုဟင်ဂျာတို့ကို ပြန်လည်ပြောင်းရွှေ့နေရာချထားရန် စီစဉ်ခဲ့ပါတယ်။

ပြန်လည်နေရာချထားရေးအစီအစဉ်သစ်နဲ့ပက်သက်ပြီး ဒုက္ခသည်တိုင်းရင်းသားရိုဟင်ဂျာများဟာလည်း လုံးဝသဘောမတူကြောင်းဖော်ပြလျက်ရှိနေပြီး တစ်ချိန်က ရိုဟင်ဂျာများနေထိုင်ခဲ့တဲ့ ဇာတိမြေအများစုကို အစိုးရမှစီမံကိန်းအမျိုးမျိုးအတွက် အသုံးပြုနေတဲ့အတွက် အစိုးရရဲ့ပြန်လည်နေရာချထားရေးကိစ္စအပေါ် သံသယဖြစ်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.