Press "Enter" to skip to content

မောင်တောမြို့ခံတွေ မူလနေရပ် ပြန်နေခွင့် ရရှိနေပြီ ဖြစ်

မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရတဲ့ မြို့ခံ ရိုဟင်ဂျာတွေကို ဧပြီလ ၁ရက်နေ့ကစပြီး အသုတ်လိုက် နေရပ်ပြန်ဖို့ အာရက္ခတပ်တော် AA က ခွင့်ပြုလိုက်ပြီး၊ မိသားစုအလိုက် အိမ်ထောင်စုစာရင်းများ ထုတ်ပေးထားသလို သယ်ယူပို့ဆောင်ရေးအတွက်လည်း ရိုဟင်ဂျာရပ်မိရပ်ဖတွေနဲ့ AA စစ်ဒေသမှူးတို့ အတူဆောင်ရွက် ပေးခဲ့တယ်လို့ မောင်တောမြို့ပေါ်နေ ရိုဟင်ဂျာတွေက ပြောပါတယ်။

မောင်တောမြို့အတွင်း တိုက်ပွဲကာလနဲ့ ဒေသခံတွေ စစ်ရှောင်နေရတဲ့ ကာလတွေအတွင်း နေအိမ်ဖောက်ထွင်းခံရမှုတွေရှိခဲ့ပြီး ကျူးလွန်သူတွေကို အာရက္ခတပ်တော် AA က ဖမ်းဆီး အရေးယူနေပြီး ဖောက်ထွင်းခိုးယူသူ ၁၀၀ ကျော်ကို ထောင်ဒဏ်အသီးသီး ချမှတ်ထားတယ်လို့ သိရပါတယ်။

အိမ်ဖောက်ခံထားရသူတွေရှိရင် ပျောက်ဆုံးပစ္စည်းစာရင်းတွေနဲ့အတူ သူတို့ဆီ တိုင်တန်းဖို့ AA က မှာလိုက်တယ်လို့ လှဖိုးခေါင်းယာယီစခန်းကနေ နေအိမ်ပြန်ခွင့်ရသူ တစ်ဦးက ပြောပါတယ်။

စစ်ဘေးကြောင့် အခက်အခဲကြုံတွေ့နေရတဲ့ ရိုဟင်ဂျာတွေကို လှူဒါန်းလိုသူ အလှူရှင်များကိုလည်း လှဖိုးခေါင်းစခန်းမှာလိုပဲ AA ဘက်က အလှူရှင် စိတ်ကြိုက်လုပ်ကိုင်ခွင့် ပေးသွားမယ်လို့ နယ်မြေမှူးက ပြောဆိုထားကြောင်း မောင်တောမြို့ အမှတ် (၁) နေ ရိုဟင်ဂျာလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဧပြီလအတွင်း စစ်ဘေးရှောင်အားလုံး မူလနေရပ် ပြန်နေခွင့်ရမှာဖြစ်သလို မြို့ကိုလည်း ပုံမှန်လည်ပတ်နိုင်အောင် စီစဉ်ပေးသွားမယ်လို့ AA ဘက်က ပြောဆိုထားတယ်လို့ ရိုဟင်ဂျာ ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။

Rohingya Vision News

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.