မောင်တောမြို့နယ်၊ မြောက်ပိုင်း မြောတောင်ကျေးရွာနေ ဒေသခံ ရိုဟင်ဂျာ အိမ်ထောင်စု ၇၀ ကျော်ကို AA က မောင်တောမြို့နယ်ထဲ ဝင်ရောက်ခြေကုပ်ယူခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၆ရက်နေ့ကတည်းက နီးစပ်ရာ ရွာတွေကို ဖိအားပေး ပြောင်းရွေ့စေခဲ့တယ်လို့ မောင်တောမြောက်ပိုင်း ရိုဟင်ဂျာဒေသခံတွေက ပြောပါတယ်။
“မြောတောင် ရိုဟင်ဂျာအုပ်စုက အစတော့ သူတို့ကို စစ်ဘေးရှောင်ခိုင်းတယ်လို့ ထင်ကြပြီး ဒါးကြီးစားအုပ်စုထဲ ဝင်နေကြတယ်။ နောက်တော့ သူတို့အိမ်တွေက လိုတာလေးတွေ သွားယူဖို့တောင် AA က ခွင့်မပြုဘူး။ နှင်ထုတ်တယ်။ အခုထိ လုံးဝ နေရပ်ပြန်ခွင့် မရတော့ဘူး” လို့ မောင်တောမြောက်ပိုင်း သတင်းအရင်းအမြစ်က ပြောပါတယ်။
မောင်တောမြောက်ပိုင်း AA ရဲ့ ကျီးကန်းပြင်ဌာနချုပ်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က မောင်တောမြောက်ပိုင်းက မြောတောင်ရွာအပါဝင် အနီးပတ်ဝန်းကျင်က လယ်တွေအားလုံးကို AA က အပြီးသိမ်းပိုက်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
မြောတောင်ဒေသခံ ရိုဟင်ဂျာအုပ်စုဟာ နီးစပ်တဲ့ ရွာတွေထဲ ခိုလှုံနေပြီး သူတို့မှာ ပြန်စရာ နေအိမ်မရှိတော့သလို လတ်တလော AA ထုတ်ပေးနေတဲ့ အိမ်ထောင်စုစာရင်း (အထစ) ကိုလည်း AA က သူတို့ကို ထုတ်မပေးဘူးလို့ သိရပါတယ်။
ဒါးကြီးစားကျေးရွာမှာခိုလှုံနေရတဲ့နေရပ်စွန့်ခွာရမှုနဲ့အကျပ်အတည်း တွေကြောင့် စိတ်ကစဉ့်ကလျားဖြစ်နေတဲ့ မြောတောင်ကျေးရွာသူ အသက် ၄၆နှစ်အရွယ် ရော်ရှိဒါဘေဂေါင် (အဘ) မာမတ်ကာဆိမ်းဟာ မတ်လ ၁၆ရက်နေ့ မနေ့က နံနက် ၉:၀၀ ခန့်တွင် ယခင်နေထိုင်ခဲ့တဲ့ မြောတောင်ရွာရှိ နေအိမ်ကို သွားရောက်ခဲ့ရာ AA တပ်ဖွဲ့ဝင်တွေရဲ့ နှင်ထုတ်တာကို ခံခဲ့ရပြီး ဒါးကြီးစားရွာကို ပြန်တဲ့လမ်းမှာလည်း တောဆင်ရိုင်းတွေရဲ့ တိုက်ခိုက်မှုကြောင့် သေလုမြောပါး ဒဏ်ရာတွေ ရထားတယ်လို့ သတင်းရရှိပါတယ်။ လောလောဆယ် ရော်ရှိဒါဘေဂေါင်ကို ဆေးကုပေးတာမျိုးလည်း မလုပ်ပေးနိုင်သေးဘူးလို့ သိရပါတယ်။
မြောတောင်ဒေသခံ ရိုဟင်ဂျာတွေ ခိုလှုံနေတဲ့ ကျေးရွာတွေမှာလည်း စားနပ်ရိက္ခာ ပြတ်လပ်မှု၊ ဝင်ငွေမလုံလောက်မှုတွေနဲ့အတူ အလွန်ကျပ်တည်းနေတာကြောင့် အိမ်ထောင်စု ၇၀ မှာ အတော်လေး အတိဒုက္ခ ရောက်နေရတယ်လို့ သိရပါတယ်။
Rohingya Vision News
Be First to Comment