Press "Enter" to skip to content

IIMM ရဲ့ မြန်မာ့အရေး အစီရင်ခံစာကို ကန့်ကွက်ကြောင်း စစ်ကောင်စီ တုံ့ပြန်

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က တင်သွင်းတဲ့ ခြောက်ကြိမ်မြောက် နှစ်စဉ်အစီရင်ခံစာ အပါအဝင် IIMM ရဲ့ အစီရင်ခံစာအားလုံးကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

IIMM ရဲ့ မြန်မာ့အရေးတင်ပြထားတဲ့ အစီရင်ခံစာကို စက်တင်ဘာလ ၉ ရက်နေ့ကပြုလုပ်တဲ့ ၅၇ ကြိမ်မြောက် ကုလလူ့အခွင့်အရေးကောင်စီရဲ့ ပုံမှန်အစည်းအဝေးမှာ အပြန်အလှန်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ IIMM က မြန်မာနိုင်ငံရဲ့ အခြေအနေကို လွဲမှားစွာ ပုံဖော်တာက အကြမ်းဖက်ဝါဒကို အားပေးရာရောက်တဲ့အပြင် မတည်ငြိမ်မှုတွေပိုဖြစ်စေတယ်လို့ တုံ့ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ IIMM က ကုလလူ့အခွင့်အရေးကောင်စီကို တင်သွင်းတဲ့ နောက်ဆုံးအစီရင်ခံစာနဲ့ အပြန်အလှန်ဆွေးနွေးမှုကို ကြိုဆိုကြောင်း စက်တင်ဘာ ၁၀ ရက် မနေ့က တစ်ရက်တည်းမှာပဲ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာတရားရုံး၊ နိုင်ငံတကာ ရာဇဝတ်တရားရုံးနဲ့ အာဂျင်းတီးနားနိုင်ငံက လက်ရှိတရားစွဲဆိုမှုတွေမှာ ပံ့ပိုးကူညီမှုတွေ အရှိန်မြှင့်ဆောင်ရွက်ဖို့အတွက် IIMM ရဲ့ ကတိက၀တ်ပြုမှုကို ထောက်ခံတယ်လို့လည်း NUG က ပြောပါတယ်။

IIMM ရဲ့ အစီအရင်ခံစာအရ ချင်း၊ ကချင်၊ ကယား၊ ကရင်နဲ့ ရှမ်းပြည်နယ်က အရပ်သားပြည်သူတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတဲ့အပြင် အကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ကျား၊ မအခြေပြု အကြမ်းဖက်မှုတွေကို ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ IIMM ရဲ့ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးမှုကို ဗြိတိန်အစိုးရက မနေ့က ထုတ်ပြန်ခဲ့ရာမှာတော့ IIMM ရဲ့ နောက်ဆုံးအစီရင်ခံစာက မြန်မာစစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တုန်လှုပ်စရာ သက်သေအထောက်အထားတွေကို တင်ပြထားတယ်လို့ ဖော်ပြပါတယ်။

Rohingya Vision News

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.