Press "Enter" to skip to content

မြန်မာ့ရေး ကုလလူ့အခွင့်အရေးကောင်စီမှာ ဆွေးနွေးထုတ်ပြန်

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ရဲ့ အစီရင်ခံစာအပေါ် ၅၇ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ အပြန်အလှန်ဆွေးနွေးမှုကို ဗြိတိန်အစိုးရက စက်တင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ IIMM ရဲ့ နောက်ဆုံးအစီရင်ခံစာက မြန်မာစစ်တပ်ကကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တုန်လှုပ်စရာ သက်သေအထောက်အထားတွေကို တင်ပြထားတယ်လို့ ဆိုပါတယ်။

အရပ်သားတွေဟာ တရားလက်လွတ် သတ်ဖြတ်ခံရတာ၊ နေအိမ်တွေ မီးရှို့ခံရတာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖျက်မှုတွေကို ကျူးလွန်ခံနေရတယ်လို့ ဖော်ပြပါတယ်။ ဒီ့အပြင် ကလေးတွေ အပါအဝင် အဓမ္မ လူသစ်စုဆောင်းမှုတွေလည်း သိသိသာသာ တိုးလာတယ်လို့ ဆိုပါတယ်။

ဒီလိုကျူးလွန်မှုတွေကနေ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့အပေါ် နိုင်ငံတကာက အရေးယူပြီး မြန်မာစစ်တပ်အနေနဲ့ ဒီလုပ်ရပ်တွေကို တာဝန်ယူရမယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။

နိုင်ငံတကာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံရဲ့ မြန်မာနိုင်ငံကို တရားစွဲဆိုတဲ့အမှုကို ထည့်သွင်းစဉ်းစားတာနဲ့ ဒီအမှုမှာ နိုင်ငံတကာကို ပူးပေါင်းပါဝင်ခွင့်ပြုတဲ့အပေါ် ကြိုဆိုတယ်လို့လည်း ဆိုပါတယ်။ နိုင်ငံတကာက တာဝန်ခံမှု ရှိစေရေး ကြိုပမ်းနေချိန်မှာလည်း အခြေအနေတင်းမာမှုတွေ လျော့ကျပြီး ပြည်သူတွေကို ကာကွယ်ပေးနိုင်မဲ့ နည်းလမ်းတွေကို ရှာဖွေရမယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူအားလုံး အထူးသဖြင့် မြန်မာစစ်တပ်ကို အရပ်သားပြည်သူတွေအပေါ် ကာကွယ်ပေးဖို့ကိုလည်း ဗြိတိန်အစိုးရက တောင်းဆိုပါတယ်။

စက်တင်ဘာလ ၉ ရက်နေ့ကနေ အောက်တိုဘာလ ၁၁ ရက်ထိ ကျင်းပမဲ့ ၅၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မြန်မာ့အရေး ဆွေးနွေးမယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက စက်တင်ဘာလ ၄ ရက်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ပုံမှန်အစည်းအဝေး စတင်တဲ့ စက်တင်ဘာလ ၉ ရက်မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်နဲ့ လူနည်းစုတွေရဲ့ လူ့အခွင့်အရေး အခြေအနေကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) နဲ့ ဆွေးနွေးပြီး စက်တင်ဘာလ ၂၃ ရက်မှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနဲ့ အပြန်အလှန် ဆွေးနွေးမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Rohingya Vision News

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.