Press "Enter" to skip to content

မောင်တောမှ စစ်ဘေးရှောင်များကို AAအဖွဲ့ဝင်များက ရက်စက်စွာ သတ်ဖြတ်

တိုက်ပွဲပြင်းထန်နေသော မောင်တောမြို့မှ မြို့ခံများသည် ဘေးလွှတ်ရာသို့ အသက်ကယ်ထွက်ပြေးနေကြရာတွင် နောက်ဆုံးထွက်ပြေးလာသော မြို့ခံ ၃ ထောင်ကျော်ကို အေအေ အဖွဲ့က မောင်တောမြောက်ပိုင်းဘက်သို့ ထွက်သွားခြင်းမပြုဘဲ လသာရပ်ကွက်အပိုင် အင်းတိလ္လာရွာ-ရွှေဇားကြား တံတား ရှေ့တဖက်ကမ်းတွင် မနက်ပိုင်း ၉ နာရီခန့်ကပင် တားဆီးထားကြောင်း သိရှိရသည်။

ယခုကဲ့သို့ တိုက်ပွဲရှောင် ခိုရာမဲ့ပြည်များကို မိမိတို့၏ ဘိုးဘွားမြေတွင် ဘေးလွှတ်ရာသို့ ထွက်သွားခွင့်မပြုဘဲ တားဆီးပိတ်ပင်ထားခြင်းသည် အပြည်ပြည်ဆိုင်ရာ စစ်ဥပဒေကို ချိုးဖောက်နေသည်သာမက ၎င်းတို့၏ ထိန်းချုပ်နယ်မြေသို့ မြို့ခံပြည်သူများကို တိမ်းရှောင်ခိုလှုံကြရန် ဖိတ်ခေါ်ခဲ့သည်များလည်း ဟန်ဆောင်ဗန်းပြရာ ကျရောက်နေသည်။

အလားတူ AA ထိန်းချုပ်နယ်မြေ လှဖိုးခေါင်ကျေးရွာသို့ ရောက်ရှိနေသော စစ်ဘေးရှောင်များကိုလည်း အေအေက အသွားအလာ အပါအဝင် အစစ တင်းကြပ်ထားခြင်း သိရှိရသည်။ အိမ်ထောင်စု ၁၀ စု လျှင် ဆယ်ခေါင်း တစ်ဦးခန့်၍ စစ်ရှောင်များ၏ အသွားအလာ လှုပ်ရှားမှုများကို တင်းကြပ်ထားသည်။ ဆယ်ခေါင်း လက်အောက်ခံ လူအုပ်စုမှ တစ်ယောက်ယောက် ဈေးဝယ်သွားလျှင်ပင် ဆယ်ခေါင်းထံမှ ခွင့်ပြုချက်ယူရသည်။ စစ်ရှောင်တစ်ယောက်ယောက် အခြားတစ်နေရာသို့ ထွက်ပြေးသွားလျှင် ဆယ်ခေါင်း တာဝန်ပေးထားသောသူ အရေးယူပြစ်ဒဏ်ခံရမည်ဟု အေအေက ခြိမ်းခြောက်ထားသည်ဟု စစ်ရှောင်တစ်ဦးက ဆိုသည်။

အေအေ ထိန်းချုပ်နယ်မြေတွင် စစ်ရှောင်များသည် အေအေ ဖိနှိပ်မှုအမျိုးမျိုးကို ခံနေရသည်။ လက်နက်ကိုင်အဖွဲ့အစည်းကို အကြောင်းပြ၍ ဖမ်းဆီးခြင်း၊ ငွေညစ်ခြင်း၊ ရိုက်နက်ခြင်း၊ စစ်ဆေးခြင်း စသည်တို့ကိုလည်း ခါးခါးသီးသီးခံနေရသည်။

လက်ရှိတွင် မောင်တောမြောက်ပိုင်းသို့ အသက်ကယ်ထွက်ပြေးသော စစ်ရှောင်များသည် နေစရာအိမ်မရှိ၊ စားစရာ အစားအသောက်မရှိဘဲ လမ်းများ၊ လယ်ကွင်းများ၊ သစ်ပင်အောက်များတွင် စုပုံလျက် နေပူလှန်ခံနေရသည်။ စစ်ရှောင်အများစုမှာ အငတ်ဘေးနှင့် ရင်ဆိုင်နေရချိန်တွင် ဝမ်းလျှောဝမ်းပျက်ရောဂါကလည်း စစ်ကူလာသကဲ့သို့ ဒုက္ခပေးနေသည်။ ကျည်ဆန်အောက်မှ အသက်ကယ်လာသူများသည် ဝမ်းလျှောရောဂါဖြင့် သေကြေနေသည်။ ဩဂုတ် ၁၄ ရက်နေ့ ည ၃ နာရီခန့်တွင် မောင်တော အမှတ် (၁) ရပ်ကွက်တွင် နေထိုင်သူ ဆရာဦးအေးမြင့်၏ ခယ်မ (ညီ၏မိန်းမ)သည် စစ်ဘေးရှောင်နေစဉ် အချိန်မီ ဆေးကုသခံယူခွင့်မရ၍ သေဆုံးခဲ့ရကြောင်း သိရှိရသည်။

မောင်တောမြို့ပေါ်တွင် အရပ်ကွက်အများအပြားကို အေအေက ထိန်းချုပ်ထားနိုင်ပြီးနောက် မနက်ကပင် ကမ္ဘောဇဘဏ်တန်း ဆိုင်တန်းရှိ ဆိုင်ခန်းများကို အေအေနှင့် အပေါင်းအပါတို့က ဖောက်ထွင်းကာ ကုန်ပစ္စည်းများ ယူဆောင်သွားနေကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။ မြို့ပေါ်တွင်လည်း မြို့ခံများ လုံးဝကင်းစင်သွားပြီး မပြောပလောက် ပမာဏသာ ကျန်ရှိနိုင်ကြောင်း သိရှိရသည်။

Rohingya Vision News

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.