Press "Enter" to skip to content

မောင်တော ဗိုလ်မှူးရပ်ကွက်တွင် လက်နက်ကြီးကျ၍ ရိုဟင်ဂျာ၄ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိ

မောင်တောမြို့ ဗိုလ်မှူးရပ်ကွက်တွင် လက်နက်ကြီး ကျ၍ အရပ်သား ၄ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ယနေ့ နံနက် ၅ နာရီခန့်တွင် စစ်ကောင်စီ နခခ (၅) မှ ပစ်ခတ်သော လက်နက်ကြီးသည် ဗိုလ်မှူးရပ်ကွက်ရှိ အိမ်တစ်အိမ်တွင် ကျရောက်ပေါက်ကွဲ၍ လူ ၄ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

“မနက်စောစော ၅ နာရီလောက်မှာ လက်နက်ကြီး ကျကွဲတာပါ။ နခခ ၅ က ပစ်တယ်လို့ သိရတယ်။ လူ ၄ ယောက် ဒဏ်ရာရသွားတယ်။ ၂ ယောက်တော့ အစိုးရိမ်ရဆုံး အနေအထားမှာ ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိတဲ့လူနာတွေကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို ဆေးကုသဖို့ ယူဆောင်သွားကြောင်း၊ ဆေးကုသခွင့်ရမရ စိုးရိမ်နေရကြောင်း သူဆက်လက်ပြောသွားတယ်။

” အခု ဒဏ်ရာရှိခဲ့တဲ့သူတွေကိုတော့ ဘင်္ဂလားဒေ့ရ်ှဘက်ကို ဆေးကုသဖို့ ယူဆောင်သွားတယ်။ နယ်စပ်မှာ လုံခြုံရေး တင်းကျပ်ထားတယ်ဆိုတော့ ဆေးကုသခွင့် ရမရတော့ မပြောတတ်ဘူး။ စိုးရိမ်နေတာပေါ့” ဟု ပြောကြားသည်။

လက်ရှိဖြစ်ပေါ်နေသော မောင်တောတိုက်ပွဲတွင် ဒေသခံများသည် နှစ်ဖက်အဖွဲ့၏ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ခြင်းခံရ၍ အရပ်သား ထိခိုက်သေဆုံးမှုများ တိုးမြင့်လာနေသည်။

Rohingya Vision News

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.