Press "Enter" to skip to content

လေးမိုင်၊ သာယာကုန်းနဲ့ ငွေတောင်ရွာကြား အေအေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွါးလျက်ရှိ

စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံရိုဟင်ဂျာ အမျိုးသားတစ်ဦး သေဆုံး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လေးမိုင်ရပ်ကွက်၊ သာယာကုန်းနဲ့ ငွေတောင်ကျေးရွာအနီးမှာ အာရက္ခတပ်တော် (AA)နဲ့ စစ်ကောင်စီတပ်တို့အကြားအပြင်းအထန်တိုက်ပွဲဖြစ်ပွါးလျက်ရှိပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေပါ ပြုလုပ်နေတာကြောင့် ဒေသခံရိုဟင်ဂျာ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇွန် ၆ ရက်၊ ဒီကနေ့ နေ့လယ် ၁၂ နာရီ ၄၂ မိနစ်ခန့်က စတင်ပြီး လေးမိုင်ရပ်ကွက်၊ သာယာကုန်းနဲ့ ငွေတောင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မောင်တော၊ မြို့ဦးအီတလီယာအုပ်စု၊ ဟောရိတု့လားရွာမှာနေထိုင်တဲ့ အသက် ၅၀ နှစ်ခန့်အရွယ် ဒေသခံရိုဟင်ဂျာအမျိုးသား တစ်ဦး သေဆုံးခဲ့တယ်လို့ ကနဦးသိရှိရပြီး အသေးစိတ်အချက်အလက်တွေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ဤနှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများပြားတာကြောင့် လေကြောင်းကနေပါ ဂျက်တိုက်လေယာဉ်နဲ့ စစ်ကူပေးနေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ နေရာ အနီးပတ်ဝန်းကျင်က ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာတွေနဲ့ ဟိန္ဒူတွေဟာ ဘေးလွတ်ရာကို ရှောင်တိမ်းချိန်မရဘဲ ပိတ်မိနေကာ အခက်အခဲဒုက္ခများနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

Rohingya Vision News

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.