Press "Enter" to skip to content

ဆိုင်ကလုန်းမုန်တိုင်း Remal က ပိုမိုအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်နိုင်၊ မြန်မာနိုင်ငံသို့ ဝင်ရောက်ခြင်းမရှိသော်လည်း စစ်တွေနှင့် မောင်တော ကမ်းရိုးတန်းနေပြည်သူများ မုန်တိုင်းဒီရေကို အထူး သတိပြုသင့်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသောဆိုင်ကလုန်းမုန်တိုင်း Remal သည် မေ ၂၆ ရက်နေ့တွင် ပိုမိုအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm Remal) အဖြစ်ရောက်ရှိကာအားကောင်းလာမည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ဝင်ရောက် ခြင်းမရှိကြောင်း ယနေ့ မေ ၂၅ ရက်တွင် စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ထုတ်ပြန်သည်။

အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း (Severe Cyclonic Storm) သည် မြန်မာနိုင်ငံသို့လမ်းကြောင်း ဝင်ရောက်ခြင်းမရှိသဖြင့် မုန်တိုင်းသတိပေးချက် (အဝါရောင်အဆင့်) သတ်မှတ်ထားကြောင်း မိုး/ဇလ က ဆိုထားသည်။

မြန်မာနိုင်ငံသို့ မုန်တိုင်းလမ်းကြောင်း ဝင်ရောက်နိုင်ခြင်းမရှိဟု မိုး/ဇလ က ဆိုထားသော်လည်း မုန်တိုင်းအရှိန်သက်ရောက်မှုကြောင့် ရခိုင်းပြည်နယ် မြောက်ပိုင်း စစ်တွေနှင့် မောင်တောတို့ရှိ ကမ်းရိုးတန်းနေပြည်သူများ မုန်တိုင်းဒီရေကို အထူး သတိပြုသင့်ကြောင်း အမျိုးညီညွတ်ရေးအစိုးရ (NUG) ၏ လူသားချင်း စာနာထောက်ထားရေးနှင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MoHADM) က အသိပေးထားသည်။

မုန်တိုင်းငယ်သည် ယနေ့ မေလ ၂၅ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ကျောက်ဖြူမြို့အနောက်-အနောက်တောင်ဘက် ၂၈၃.၉ မိုင်အကွာ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းသို့ ရောက်ရှိပြီး ဆိုင်ကလုန်မုန်တိုင်း REMAL အဖြစ်သို့ ညနေ ၆ နာရီ ၃၀ နောက်ပိုင်းတွင်ရောက်ရှိနိုင်မည် ဖြစ်ကြောင်း မိုးလေဝသဘာသာရပ်ကို လေ့လာနေသူ ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။

ယင်း အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် မေ ၂၅ ရက်မှ ၂၇ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်း၊မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနှင့် ကချင်၊ ချင်း၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်းသိရသည်။

“အရင်အတိုင်းပါဘဲ၊ အခု ညနေ ၆ နာရီခွဲမှာ ဆိုင်ကလုန်းမုန်တိုင်း စ ဖြစ်ပြီး ၂၆ ရက် မနက်မှာ အားကောင်းတဲ့ ဆိုင်ကလုန်မုန်တိုင်းဖြစ်ပါမယ်။ လမ်းကြောင်း မပြောင်းပါဘူး။ မုန်တိုင်းအရှိန်သက်ရောက်မှုကြောင့် နိုင်ငံအနှံ့အပြားမှာ မိုးရွာနိုင်လေပြင်းတိုက်နိုင်တာနဲ့ မုန်တိုင်းအဖျားခတ်နိုင်မဲ့ဒေသ(ရခိုင်ပြည်နယ်မြောက်ပိုင်း)ဆိုတာတွေလဲ ပြောင်းလဲမှု မရှိပါ” ဟု မိုးလေဝသဘာသာရပ်ကို လေ့လာနေသူ ဦးဝင်းနိုင်က ဆိုထားသည်။

အဆိုပါမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့နှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်ကမ်းခြေ၊ ဆာဂါကျွန်းတို့အကြားမှ မေ ၂၆ ရက် ညနေပိုင်းတွင် ဖြတ်ကျော်နိုင်မည်ဟု ခန့်မှန်းထားကြောင်း မိုး/ဇလထံက သိရသည်။

Rohingya Vision News

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.