ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လေးမိုင်ရပ်ကွက်၊ မွတ်ဆလင်ရွာနဲ့ ဟိန္ဒူရွာမှာရှိတဲ့ ဒေသခံပြည်သူတွေဟာ ရွာအတွင်း ပိတ်မိနေပြီး စားနပ်ရိက္ခာအပါအဝင်အခက်အခဲများစွာ ကြုံတွေ့နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံက သိရပါတယ်။
အဆိုပါ လေးမိုင်မှာ ရွာပေါင်း ၁၂ ရွာရှိပြီး ရခိုင်ရွာ ၁၀ ရွာက ဒေသခံပြည်သူတွေ အားလုံး ထွက်ပြေးတိမ်းရှောင်သွားကြပေမယ့် မွတ်ဆလင်ရွာနဲ့ ဟိန္ဒူရွာက ဒေသခံပြည်သူတွေဟာ တခြားနေရာဒေသတွေကို သွားလာခွင့်မရရှိဘဲ ရွာအတွင်း ပိတ်မိနေကြတယ်လို့ ပြောပါတယ်။
“ဧပြီလ ၂၆ ရက်နေ့က ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ရတယ်၊ ဆေးရုံဆေးခန်းတွေလည်းမရှိဘူးအကုန်လုံးပိတ်ပင်ထားလို့ အသက် ၇၅ နှစ်အရွယ် တစ်ယောက်လည်းဆုံးသွားပါတယ်၊ ဆေးခန်းလည်းပြခွင့်မရတာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ကလေးမွေးဖွားနေတဲ့အချိန် ဆေးရုံဆေးခန်းသွားမရဘဲ သေဆုံးခဲ့တာတွေလည်းရှိပါတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီဘက်က လေးမိုင်ပတ်ပတ်လည်မှာ မိုင်းတွေထောင်ထားသလို စစ်ကောင်စီ တပ်သားတွေဟာလည်း စာသင်ကျောင်းတွေနဲ့ အဆောက်အအုံတွေထဲမှာဝင်ပြီး နေရာယူထားတာကြောင့် ရွာအတွင်းနေထိုင်တဲ့ ဒေသခံပြည်သူတွေဟာ ခက်ခဲဒုက္ခမျိုးစုံနဲ့ကြုံတွေ့နေကြရတယ်လို့ ဆိုပါတယ်။
ထို့အပြင် လေးမိုင် မွတ်စလင်ရွာနဲ့ကပ်ရပ်မှာ စစ်ကောင်စီရဲ့ နခခ ၂ တပ်ရင်းတစ်ခုရှိတာကြောင့် ဒေသခံတွေက အလွန်စိုးရိမ်နေကြရပြီး သွားလာခွင့်အားလုံးပိတ်ပင်ခံထားရတာကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုတွေကို ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။
လေးမိုင်ရပ်ကွက်ရှိ မွတ်ဆလင်ရွာမှာ ဒေသခံ တစ် သောင်းကျော်ခန့်နေထိုင်လျက်ရှိပြီး ဟိန္ဒူရွာမှာ ဒေသခံ နှစ်ရွာဝန်းကျင်ခန့် နေထိုင်လျက်ရှိပါတယ်။
Rohingya Vision news