Press "Enter" to skip to content

မြန်မာ့အရေး သြစတြေးလျနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေး

ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်မယ့် ရေရှည် အဖြေတခု လိုအပ်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဆက်လက် အာရုံစိုက်သွားမယ့်အကြောင်း ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong က မနေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံ Dhaka မြို့ကို သွားရောက်တဲ့ ခရီးစဉ်မှာ ပြောဆိုပါတယ်။

မြန်မာနိုင်ငံအတွင်းက ပဋိပက္ခတွေကြောင့် ဒေသတွင်းမှာ ရင်ဆိုင်လာရတဲ့ စိန်ခေါ်မှုတွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးတဲ့အကြောင်းနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အိုးမဲ့ အိမ်မဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေရတာဟာ ဒေသတွင်းမှာ အကြီးမားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကြီး ဖြစ်တဲ့အကြောင်း ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Penny Wong ပြောဆိုသွားတာပါ။

ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံပြီး ကူညီစောင့်ရှောက်ထားတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်းနဲ့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံနဲ့ ခိုကိုးရာမဲ့ ဒုက္ခရောက်နေသူတွေကို ဆက်လက် ကူညီသွားရုံတင်မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတာတွေကြောင့် ဒေသအတွင်းမှာ အရေးကြီးတဲ့ အခြေအနေတွေကို ဆက်ပြီး အာရုံစိုက်သွားမှာ ဖြစ်တဲ့အကြောင်းလည်း ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong က ပြောဆိုသွားတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ မကြာသေးခင်ကစ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာရာက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တကျော့ပြန် ပေါ်ပေါက်လာမှာကို နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်နေချိန်မှာပဲ အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံကို နှစ်ရက်ကြာ သွားရောက်တဲ့ ခရီးစဉ်အတွင်း ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong ဟာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud တို့ကို တွေ့ဆုံပါတယ်။ ခရီးစဉ်ဟာ အိန္ဒိယသမုဒ္ဒရာအတွင်းက နိုင်ငံတွေနဲ့ ဩစတြေးလျ နိုင်ငံခြား ဆက်ဆံရေးတိုးမြှင့်ဖို့ လာရောက်တဲ့ ခရီးစဉ် ဖြစ်တယ်လို့လည်း ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

Rohingya Vision News

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.