ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ တပ်မင်းချောင်းတွင် မနေ့ မေလ ၁၇ ရက်နေ့၌ အေအေလက်နက်ကိုင်တပ်ဖွဲ့က ရမ်းကား သေနတ်ပစ်ခတ်၍ ရိုဟင်ဂျာ လူငယ်တစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ပြင်းထန်ဒဏ်ရာရရှိသူမှာ တပ်မင်းချောင်းကျေးရွာမှ အတူးရာဟာမာန်၏ သား လတ္တုရာဟာမာန် (၁၈ နှစ်) ဖြစ်သည်။
မနေ့က မေလ ၁၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အေအေတပ်ဖွဲ့ဝင်များက တပ်မင်းချောင်းနှင့် ကျောက်ဖြူတောင်ကျေးရွာများသို့ အင်အားအတင်းအပြည့်ဖြင့် ဝင်ရောက်လာပြီး ရွာသားများကို မိမိတို့ နေအိမ်မှ အတင်းအဓမ္မ ထွက်ခွာခိုင်းသည်။ ရမ်းကား သေနတ်များဖောက်ကာ ရွာသားများကို ခြိမ်းခြောက်၍ ချက်ချင်း အိမ်မှထွက်ခွာရန်နှင့် ရွာကို စွန့်ခွာရန် ဖိအားပေးသည်။ လူအုပ်ထဲတွင် ရမ်းရမ်းကားကား သေနတ်ပစ်ခတ်ရာ လူငယ်တစ်ဦးကို ထိမှန်၍ ပြင်းပြင်းထန်ထန် သေနတ်ဒဏ်ရာနှင့် ယခုအထိ ဆေးမကုသနိုင်ဘဲ နောက်ဆုံးအသက်ငင်နေသည်။ ရွာတွင် အေအေတပ်ဖွဲ့ဝင်များက ကတုတ်ကျင်းများလည်း ပတ်ပတ်လည် တူးနေကြောင်း လုံခြုံရေးအရအမည်မဖော်လိုသော ဒေသခံတစ်ဦးက ပြောသည်။
“မနေ့က မနက် ၉ နာရီလောက်မှာ အေအေတပ်ဖွဲ့ဝင်တွေ အင်အားအပြည့်နဲ့ ရွာကို ဝင်လာတာဖြစ်တယ်။ ရွာသားတွေကို အိမ်ကနေ အတင်းအဓမ္မ ဆွဲထုတ်တယ်။ ချက်ချင်း ရွာကို စွန့်ခွာပေးရန် ဖိအားပေးတယ်။ လူအုပ်တွေကို သေနတ်နဲ့ ရမ်းကားပစ်တယ်။ လူငယ်တစ်ယောက် မှန်ပြီးတော့ အခုထိ ဆေးကုသခွင့်မရဘဲ နောက်ဆုံးအသက်ငင်နေတယ်။ ကတုတ်ကျင်တွေလည်း ရွာပတ်ပတ်လည် တူးနေတယ်။ အဘက်ဘက်က ပိတ်ဆို့နေတာကိုး။ တခြားရွာက စစ်ရှောင်တွေလည်း ရွာမှာအပြည့်ပါပဲ။ ရွာသားတွေမှာ ပြေးစရာ နေရာမရှိဘူး” ဟု ပြောကြားသည်။
တပ်မင်းချောင်းနှင့် ကျောက်ဖြူတောင်ရွာများတွင် အခြားကျေးရွာမှ စစ်ရှောင်ဒုက္ခသည်များလည်း အများအပြား ခိုလှုံနေထိုင်လျက်ရှိသည်။ ရွာသားများ ထွက်ပြေးခိုလှုံစရာ နေရာလည်း မရှိပေ။ အေအေက ယင်းရွာတို့ကို ခြေကုပ်ယူပြီး တိုက်ပွဲဖော်ဆောင်လျှင် ရွာသားများအတွက် သေမင်းကိုသာ တမင် ခေါ်ဆောင်လာရာ ရောက်ပေမည်။ “အေအေက တမင် ရိုဟင်ဂျာရွာတွေကို ခြေကုပ်ယူပြီး တိုက်ပွဲဖော်ဆောင်နေတာလား၊ အကြမ်းဖက် စစ်အာဏာရှင်ကို ရှင်းလင်းရင်း ရိုဟင်ဂျာလူမျိုးတွေကိုပါ တပြိုင်တည်း ရှင်းလင်းသုတ်သင်နေတာလား”ဟု ရခိုင်အရေးစောင့်ကြည့်လေ့လာနေသူတွေ သံသယဖြစ်နေတယ်။
ဧပြီလနှင့် မေလအတွင်း ငကျဥ်တောက်၊ ပုဇွန်ချောင်း၊ မော်နီကုလ် ကျေးရွာများမှာ ဒေသခံရိုဟင်ဂျာ အများအပြား အသက်ဆုံးရှုံးခံခဲ့ရသည်။ ကျေးငှက်သဖွယ် အသတ်ခံခဲ့ရသည်။ ထွက်ပြေးလွှတ်မြောက်နိုင်ခဲ့သူများမှာ တပ်မင်းချောင်းနှင့် ကျောက်ဖြူတောင်ကျေးရွာများတွင် လာရောက်ခိုလှုံနေကြသည်။ ယခု အေအေက အဆိုပါကျေးရွာများကို ခြေကုပ်ယူပြီး တိုက်ပွဲဖော်ဆောင်ခြင်းက ကျေးရွာပေါင်း ၅ ရွာမှ ရွာသားများကို သေတွင်းထဲပို့ဆောင်ရာ ဖြစ်နေသည်။
Rohingya Vision News