Press "Enter" to skip to content

ဘူးသီးတောင်မြို့မှာ နှစ်ဖက်တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာသုံးဆယ်ခန့် သေဆုံး

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာ မေလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တိုက်ခိုက်မှုတွေအတွင်း ရိုဟင်ဂျာ သုံးဆယ်ခန့် သေဆုံးပြီး လူနှစ်ရာခန့် ထိခိုက်ဒဏ်ရာရာခဲ့တယ်လို့ ဘူးသီးတောင်ဒေသခံ ရိုဟင်ဂျာအချို့က မနက်က ပြောပါတယ်။

မေလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က စစ်ကောင်စီတပ်က AA တပ်ဖွဲ့ဝင်တွေရှိနိုင်မဲ့ မြို့ပေါ်က နေရာအချို့ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ရိုဟင်ဂျာ ၁၂ ဦး သေဆုံးခဲ့သလို ညနေ ၄ နာရီမှာ ကျေးရွာအချို့က ရိုဟင်ဂျာတွေ ထွက်ပြေးခိုလှုံနေတဲ့ ဘူးသီးတောင်မြို့က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းကို ရက္ခိုင့်တပ်တော်(AA) က ဒရုန်းဗုံးတွေနဲ့ ကြဲချခဲ့ရာမှာ ရိုဟင်ဂျာ ၁၈ ဦး ထပ်မံသေဆုံးခဲ့တာလို့ ဆိုပါတယ်။

“ဒေသခံတွေက တော်တော်လေးကို ကြောက်နေကြရတယ်။ ထိခိုက်သေဆုံးတာတွေက မြေပြင်မှာ ဒီထက်ပိုများနိုင်ပါတယ်။ အနည်းဆုံး နှစ်ရာနီးပါး ထိခိုက်ဒဏ်ရာရထားပါတယ်။ အဲဒီအထဲက ဒဏ်ရာပြင်းထန်ပြီး သေဆုံးတာတွေလည်း ရှိပေမဲ့ ဆက်သွယ်ရေး ခက်ခဲနေလို့ အတိအကျ မသိရသေးပါဘူး”

ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခံရတဲ့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှာ ကံပြင်၊ ဇော်ဘော်၊ ကကျက်ဘက်၊ မြောင်းနား၊ ဘကုံးနား၊ ဘကုံးနားတောင်ရွာ၊ အလယ်ချောင်း၊ လက်ဝဲဒက်၊ ရွက်ညိုတောင်နဲ့ ကွန်တိုင် စတဲ့ ရွာပေါင်း နှစ်ဆယ်နီးပါးက ရိုဟင်ဂျာတွေ ထွက်ပြေးခိုလှုံနေကြတာလို့ ဆိုပါတယ်။

ရက္ခိုင့်တပ်တော် (AA) က အဲဒီကျောင်းကို ဒရုန်းဗုံးနဲ့ ဘာကြောင့်တိုက်ခိုက်တယ်ဆိုတာကိုတော့ ရှင်းရှင်း လင်းလင်း မသိရ သေးပါဘူး။

ဘူးသီးတောင်မြို့က အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရော၊ ရက္ခိုင့်တပ်တော် (AA) ကပါ မေလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းအထိ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနဲ့ ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခတို့ကို သတင်းဌာနာ က မေလ ၁၈ ရက်နေ့ မနက်က ဆက်သွယ်ခဲ့ပေမဲ့ တုံ့ပြန်ဖြေကြားတာ မရှိသေးပါဘူး။

ဘူးသီးတောင်မြို့ခံ နောက်ထပ် ရိုဟင်ဂျာတစ်ဦးကတော့ ဘူးသီးတောင်မြို့ပေါ် ရပ်ကွက်ရှစ်ခုက ရိုဟင်ဂျာတွေရဲ့ နေအိမ်တွေကိုလည်း ရက္ခိုင့်တပ်တော် (AA) ဘက်က မီးရှို့ခဲ့တယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ သတင်းဌာနာ ကို မေလ ၁၈ ရက်နေ့ မနက်က ပြောပါတယ်။

“မနေ့ညက ၁၀ နာရီကတည်းက မီးရှို့ခံရတာလို့ ပြောပါတယ်။ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၅)၊ အမှတ်(၆)၊ အမှတ်(၇)နဲ့ ကကျက်ဘတ်ရပ်ကွက်တွေကို မီးရှို့ခဲ့တာလို့ သိထားပါတယ်။ အကုန်လုံးက ထွက်ပြေးနေရတယ်လို့ ပြောပါတယ်”

နေအိမ်တွေ မီးရှို့ခံထားရမှန်ပေမဲ့ မီးလောင်ပျက်စီးသွားတဲ့ နေအိမ်အရေအတွက်ကိုတော့ အသေးစိတ် မသိရသေးဘူးလို့ သူကဆိုပါတယ်။

ရိုဟင်ဂျာအရေးလှုပ်ရှားသူ ကိုနေဆန်းလွင်ကတော့ ဘူးသီးတောင်မြို့ပေါ်မှာရှိနေတဲ့ ရိုဟင်ဂျာတွေကို ဒီနေ့မနက် ၁၀ နာရီနောက်ဆုံးထားပြီး မြို့ပေါ်ကနေထွက်ခွာဖို့ ရက္ခိုင့်တပ်တော် (AA) က နှုတ်မိန့်ပေးထားတာကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ခြေဦးတည့်ရာထွက်ပြေးနေကြရတယ်လို့ သတင်းဌာနာ ကိုပြောပါတယ်။

ဒီနေ့မနက်က ဆက်သွယ်ခွင့်ရခဲ့တဲ့ ဘူးသီးတောင်ဒေသခံတစ်ဦးက မြို့ပေါ်က သိန်းနဲ့ ချီတဲ့ ရိုဟင်ဂျာတွေကို ရက္ခိုင့်တပ်တော် (AA) က ဘူးသီးတောင်အကျဉ်းထောင်အနီးက လယ်ကွင်းတွေမှာ စုထားတယ်လို့ ပြောပါတယ်။

ဖုန်းလိုင်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် မြေပြင်မှာ ဖြစ်ပျက်နေတဲ့ ပကတိအခြေအနေအသေးစိတ်ကို သတင်းဌာနာ က အတည်ပြုနိုင်ဖို့ ခက်ခဲနေပါတယ်။

ဘူးသီးတောင်မြို့အခြေစိုက် စစ်ကောင်စီ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၅ နဲ့ လက်အောက်ခံတပ်ရင်းတွေ ဖြစ်တဲ့ ခမရ (၅၅၂)၊ ခမရ (၅၆၄) ၊ ခမရ (၅၆၅)နဲ့ ခမရ (၅၅၁) စခန်းတွေကိုသိမ်းပိုက်ထားပြီး နောက်ထပ်ကျန်ရှိနေတဲ့ တပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရက္ခိုင့်တပ်တော် (AA) က မေလ ၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Rohingya Vision News

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.