ငါးခူရကျေးရွာတွင် အေအေလက်နက်ကိုင်အဖွဲ့က ဒေသခံရိုဟင်ဂျာများကို တစ်နေ့ ကြိုတင်အသိပေး၍ ယမန်နေ့ ၁၅ ရက်နေ့တွင် ရွာသားများကို အိမ်မှ ခေါ်သွားကာ တောင်ရွာစာသင်ကျောင်း၌ စုဝေးစေခဲ့သည်။ အကြမ်းဖက် စစ်ကောင်စီ၏ ဆွဲတင်စစ် ပုံစံမျိုး ဖြင့် အိမ်ထောင်စုစာရင်း(အထစ)အလိုက် ဓာတ်ပုံများရိုက်ယူ၍ လူဦးရေ စစ်ဆေးခဲ့သည်ဟု အဆိုပါ စစ်ဆေးမှုတွင် ကိုယ်တိုင်ပါဝင်ခဲ့သော အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောကြားခဲ့သည်။
“မနေ့က အေအေအဖွဲ့ရောက်လာပြီးတော့ မွတ်စလင်ရွာသားအားလုံးကို စာသင်ကျောင်းမှာ ခေါ်သွားခဲ့တယ်။ ပြီးတော့ အိမ်ထောင်စုအလိုက် တန်းစီခိုင်းပြီးတော့ ဓါတ်ပုံတွေ ရိုက်တယ်။ စစ်ကောင်စီ ဆွဲတင်စစ် ပုံစံမျိုးပေါ့။ အိမ်ထောင်စုတစ်ခုမှာ လူတစ်ယောက်ရှိရင် တစ်ယောက်ကို ဓါတ်ပုံရိုက်တယ်။ စာရင်းတွေ ကောက်ယူတယ်။ အမျိုးသမီးတွေကို ဘူရ်ခါခြုံခွင့်တောင် မပေးခဲ့ဘူး။ လူဦးရေ စစ်ဆေးပြီးတော့ ရွာသားတွေကို ပြန်လွှတ်ပေးလိုက်တယ်” ဟု ပြောသည်။
အေအေလက်နက်ကိုင်အဖွဲ့က ရိုဟင်ဂျာရွာသားများကိုသာ အဆိုပါ လူဦးရေစစ်ဆေး ဓါတ်ပုံရိုက်ယူခဲ့ရသည့် နောက်ကွယ်က အကြောင်းအရင်းကို မသိရသေးချေ။
ဆွဲ၊တင်၊စစ် သည် အကြမ်းဖက်စစ်အုပ်စုတို့က ရိုဟင်ဂျာလူမျိုးကို သွေးအေးအေးနှင့် ဖိနှိပ်ချုပ်ချယ် လူမျိုးတုံးနိုင်ရန် ၁၉၉၂ ခုမှစတင်၍ အထူးစီမံကိန်းဖြင့် နှစ်စဥ်လူဦးရေ စစ်ဆေးသည့် ဒေသန္တရဥပဒေ တစ်ခုဖြစ်သည်။
နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ (၇) လက်အောက်ခံ၊ နယ်မြေ (၅) ငါးခူရ နယ်ခြားစောင့်ရဲစခန်းက တပ်ဖွဲ့ဝင် အင်အားသုံးရာနီးပါးမှာ ဧပြီလ ၁၄ ရက်နေ့တွင် တပ်စခန်းကို စွန့်ခွာသွာခြင်းဖြစ်သည်။
Rohingya Vision News