ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ညောင်ချောင်းနဲ့ ရွှေရင်အေးကျေးရွာတွေကို ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါမောင်တောမြို့အနီးမှာရှိတဲ့ ညောင်ချောင်းကျေးရွာနဲ့ ရွှေရင်အေးကျေးရွာတွေကို မေလ ၉ ရက်နေ့ မနက် ၅ နာရီခန့်ကစတင်ပြီး မြို့သူကြီးအခြေစိုက် စစ်ကောင်စီရဲ့ နခခ (၅) တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးလိုက်တာဖြစ်ပါတယ်။
ယခုလိုမီးရှို့ဖျက်ဆီးခဲ့တာကြောင့် ကျေးရွာ ၂ ရွာမှာရှိတဲ့ နေအိမ်အများအပြားမီးလောင်ပျက်စီးခဲ့ပြီး ကျေးရွာသား အများစုမှာလည်း ကြောက်လန့်စွာနဲ့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ထိုမြို့သူကြီးအခြေစိုက် စစ်ကောင်စီရဲ့ နခခ (၅) တပ်ရင်းက ပေါင်းဇားကျေးရွာကိုလည်း မေလ ၆ ရက်မှာ လက်နက်ကြီးတွေနဲ့ လူမဆန်စွာ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအပါအဝင် ကလေး ၃ ဦးနဲ့ အမျိုးသား ၄ ဦး စုစုပေါင်း ၈ ဦးသေဆုံးခဲ့ပြီး ဒေသခံပြည်သူအများအပြားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ထို့အပြင် မောင်တောမြို့နယ်အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA)တို့အကြားတိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွါးနေတာကြောင့် ဒေသခံပြည်သူတွေ နေရပ်စွန့်ခွါထွက်ပြေးနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Rohingya Vision News